ဘိုကလေး၊ အသိပညာပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ဇွန် ၂၄ရက်က သဘာဝဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ရှေးဦးစွာ ဘိုကလေးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံဝင်းက သဘာဝဘေးကြောင့် ထိခိုက် ဆုံးရှုံးမှုမဖြစ်စေရေး ဘေးအန္တရာယ်လျှော့ချနိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေးတို့အတွက် ယခုကဲ့သို့ ဟောပြောပွဲနှင့် ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဖျာပုံခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင် က ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေ၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းပပအောင်က ငလျင်ဘေးအန္တရာယ်ဆိုင်ရာများနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက် ရသည့်ရည်ရွယ်ချက်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်က ရှာဖွေကယ်ဆယ်ခြင်းဆိုင်ရာ လုပ်ငန်းများအကြောင်းတို့ကို အသီးသီးဟော ပြောကြသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘိုကလေးမြို့နယ်၊ မီးသတ် ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတ လူနာတင်ယာဉ်များပူးပေါင်း၍ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ နှင့်အတူ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)
© Copyright Ministry of Border Affairs 2019, All rights reserved.