နေပြည်တော် နိုဝင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်-လကင်လမ်းပေါ်ရှိ ထန်းဒမ်နှစ်ထပ် သံဘောင် (၁၄၀) ပေ ဘေလီတံတားသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေစီးနှင့်အတူ မျှောပါလာသည့် ကျောက်တုံးများ၊ သစ်တုံးများ အကြိမ်ကြိမ် ထိခိုက်မှုကြောင့်လည်းကောင်း၊ ရေလယ်တိုင် အောက်ခံမြေသားကို ရေတိုက်စားမှုကြောင့် လည်းကောင်း တံတားရေလယ်တိုင်မှာ တိန်းစောင်းသွားခဲ့ပြီး တံတားသံဘောင်ယက်မနှင့် (၂) ပေခန့်ကွာဟသွားကြောင်း ဒေသခံပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ သတင်းပေးမှု အရ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ကွပ်ကဲမှုအောက်ရှိ ချီဖွေမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန့်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်အတူ မြေပြင်ကွင်းဆင်းစိစစ်ခဲ့ပြီး အဆိုပါတံတား ပြန်လည်ပြုပြင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက်ပေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ် (မြောက်ပိုင်း) ပန်ဆပ်-ဖုန်ဂန်ရာဇီ-ပန်နန်းဒင်ဒေသ၊ ခေါင်လန်ဖူးဒေသ၊ ချီဖွေ-လန်ဆယ်-လကင်ဒေသများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးနှင့် လမ်းပန်းဆက်သွယ်ရေးများ ဟန်ချက်ညီညီဖြင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် နှစ်ရှည်စီမံကိန်း၊ နှစ်လတ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါသည်။
အဆိုပါ သဘာဝဘေးကြောင့်ပျက်စီးခဲ့သည့် ထန်းဒမ်တံတားသည် ဖွံ့ဖြိုးရေးစီမံကိန်းကြီး တွင် အကျုံးဝင်သည့် တံတားတစ်စင်းဖြစ်ပြီး မိုင် (၂၀) ရှည်လျားသည့် လန်ဆယ်-လကင် လမ်းပေါ်တွင်ရှိသည်။ ၎င်းလမ်းကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြေလမ်း (၁၃) မိုင် ဖောက်လုပ်ပေးခဲ့ပြီး ထန်းဒမ် တံတားကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ ကျန်ရှိသည့် မြေလမ်း (၇) မိုင်ကို နောင်လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ညှိနှိုင်းပေါင်းစပ် စီမံဆောင်ရွက်ပေးမှုအရ ထန်းဒမ်တံတား ပျက်စီးမှုများအား Augusta Co;Ltd. မှ (၉-၁၁-၂၀၁၈) ရက်နေ့တွင် ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်းနှင့် (၁၅-၁၂-၂၀၁၈) ရက်နေ့တွင် ပြီးစီးမည် ဖြစ်ကြောင်း သတင်းရရှိသည်။