
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ်ရှိ နမ့်စလပ်-ဟိုနား-မန်ဆာလမ်းပေါ်တွင် ရေကျော် တံတားတည်ဆောက်ပြီးစီးမှုကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(လားရှိုး)မှ တာဝန်ရှိသူများက နိုဝင်ဘာ ၂၆ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်း အဆိုပါဌာနမှ သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၄၇ ဒသမ ၅၆၈ သန်းဖြင့် ဆောင်ရွက်သည့် သိန်းနီမြို့နယ် နမ့်စလပ်-ဟိုနား-မန်ဆာ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ချောင်းရေကျော်တံတားတစ်စင်းနှင့် Box Culvert နှစ်စင်း တည်ဆောက်ပြီးစီးမှုကို စံချိန်စံညွှန်း ပြည့်မီစွာဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးကြပြီး လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သိန်းနီမြို့နယ်ရှိ နမ့်စလပ်-ဟိုနား-မန်ဆာ ကျေးရွာချင်းဆက်လမ်းပေါ်တွင် အရှည်ပေ ၈၀ ရှိ ချောင်းရေကျော်တံတားတစ်စင်းနှင့် Box Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ယခုနှစ် သြဂုတ် ၂၉ ရက်တွင် စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါတွင် တောင်ပေါ်ဒေသကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ချောင်းရေကြီးမှုကြောင့် ခရီးသွားလာရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသည့် ဖြစ်စဉ်များမရှိတော့ဘဲ အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ တိုးတက် ကောင်းမွန်လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်တော့မည် ဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(လားရှိုး) ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။

