သထုံခရိုင်အတွင်း ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အရည်အသွေးပြည့်ဝရေး ကြည့်ရှုစစ်ဆေး

သထုံ မေ ၇

          နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သထုံခရိုင်အတွင်း ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို မေ ၅ ရက်တွင် မွန်ပြည်နယ် ညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          သထုံခရိုင်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနက် ကျိုက်ထိုမြို့နယ်တွင် ဆောင်နိုင်ကြီးကျေးရွာအဝင်လမ်းမကြီး အရှည် (၁/၀) မိုင်ကျောက်ခင်းခြင်းလုပ်ငန်း၊ ကျောက်ပိ-သောင်ကွင်းကျေးရွာချင်းဆက် ကုန်ထုတ်လမ်းအရှည် (၃/ဝ) မိုင် ဂဝံခင်းခြင်းလုပ်ငန်း၊ ဘီးလင်းမြို့နယ်တွင် မုသင်-ရွှေလှေချောင်းကူးတံတား၏ ချဉ်းကပ်လမ်း ကျောက်စီမြေထိန်းနံရံ အရှည်ပေ ၂၈၀ တည်ဆောက်ခြင်းလုပ်ငန်းနှင့် မိုးကောင်း-မရမ်းကုန်း-ရွှေကြည် ကျေးရွာချင်း ဆက်လမ်းအရှည် (၁/၆) မိုင် အပြီးသတ်ကျောက်ခင်းခြင်းလုပ်ငန်း၊ သထုံမြို့နယ်တွင် အင်တော-နောင်ကတုတ်လမ်း အပြီးသတ်ကျောက်ခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်ရှိ အရှည်ပေ ၁၀၀ နှင့် အရှည်ပေ ၆၀ ရှိ ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ သုဓမ္မဝတီမြို့သစ် စစ်မှုထမ်းဟောင်းအိမ်ရာ (၅) ရပ်ကွက်အတွင်း လမ်းအရှည် (၀/၅) မိုင် ဂဝံခင်းခြင်းလုပ်ငန်း၊ သထုံခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး နှစ်ခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာတစ်လုံး တည်ဆောက်ခြင်းနှင့် လေးလက်မစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ ထိန်ပင်ကျေးရွာမှ သထုံဘူတာအထိ လမ်းဖောက်လုပ်နေမှုနှင့် အဆိုပါလမ်းပေါ်ရှိ တံတားများတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

သက်ဦး (သထုံ)