တာချီလိတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

တာချီလိတ် စက်တင်ဘာ ၂၇
   နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန တာချီလိတ်မြို့ အမျိုးသမီး လုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က အဆိုပါ သင်တန်းကျောင်း ခန်းမ၌ ကျင်းပ သည်။
   ဦးစွာ နယ်မြေခံတပ်နယ်မှ ယာယီဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းကို တို့က အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ထွေး က သင်တန်းကျောင်း ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြကာ သင်တန်းတွင် ထူးချွန်ဆု ရရှိသူများနှင့် သင်တန်း ဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။ 
   အဆိုပါသင်တန်းသို့ ခရိုင်အတွင်းရှိ အမျိုးသမီးငယ် ၃၀ တက်ရောက်ခဲ့ပြီး နိုင်ငံတော်မှ ကျောင်းအိပ်ကျောင်းစား စရိတ်ငြိမ်းနှင့် သင်ထောက်ကူပစ္စည်း ၃၉ မျိုး ထောက်ပံ့ပေးပြီး လက်မ နှင့် စင်တီမီတာဖြင့် စက်ချုပ်နည်း ၂၂ မျိုး၊ လက်မှုပညာရပ် ၁၀ မျိုး၊ မုန့်လုပ်နည်းနှင့် ဟင်းလျာ ချက်ပြုတ်နည်း ၁၂ မျိုးကို ရက်သတ္တ ၂၂ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph