တောင်ကုတ်မြို့တွင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကသုတဗုဒ္ဓဆရာတော်ကြီး ၈ ပါးတို့အား ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားနှင့် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ကျောင်းဆောင်တော် ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၀ ရက် 
    မြတ်စွာဘုရားဟောကြား‌တော်မူအပ်သော အလွန်ခက်ခဲနက်နဲလှသည့် တရားဒေသနာတော် အစုံ ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းစာများကို အဋ္ဌကထကျမ်းစာများ၊ ဋီကာကျမ်းစာများနှင့်တကွ အာဂုံပြန်ဆိုနှင့် သဘောရေးဖြေ ဖြေဆိုအောင်မြင်တော်မူသည့် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက သုတဗုဒ္ဓဆရာတော်ကြီး ၈ ပါးတို့အား ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိ မ‌ဟော်သဓါအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ရာ (၆) ပါးမြောက် ဆဋ္ဌတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရေစကြို ဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ ကြွ‌ရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်ပြည်သူများ တက်‌ရောက်ကြသည်။
    ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရေစကြိုဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ် ချီးမြင့်တော်မူကြပြီး ပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့မိ/မြို့ဖ ဦးကျောက်တောင်က တိပိဋကပူဇော်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ဝမ်းမြောက်စကားလျှောက်ထားပြီး တောင်ကုတ်တက္ကသိုလ်မှ ပထမနှစ်သင်္ချာကျောင်းသူ တေးသံရှင် မဆုနှင်းထက်က ပိုဒ်စုံရတု တေးထပ်ဖြင့်ပူဇော်၍ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ၈ ပါးတို့၏ ထေရုပ္ပတ္တိအကျဉ်းကို ရွတ်ဖတ်ပူဇော်သည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ၈ ပါးနှင့် ပင့်သံဃာတော်များအား ဂုဏ်ပြုလက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းပြီး တိပိဋကဓရ ရမ္မာဝတီဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
    ၎င်းနောက် မဟော်သဓာကိုယ်ပိုင်အထက်တန်း ကျောင်းဝင်းအတွင်း ဆောက်လုပ် လှူဒါန်းသော တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ကျောင်းဆောင်တော်ဖွင့်ပွဲ အခမ်းအနားကို အဆိုပါ ကျောင်းဆောင်ရှေ့၌ ဆက်လက်ကျင်းပပြုလုပ်ရာ ရမ္မာဝတီဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ကျောင်းဆောင်တော်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
 

Post Paragraph
video-upload