
နေပြည်တော်၊ အောက်တိုဘာ ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်နှင့် တာဝန်ရှိသူများအတူ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်း၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ တည်ဆောက်ပေးထားသော တစ်ဖက်ပိတ်ရေလှောင်တမံနှင့် လေယာဉ် ပြေးလမ်းမြေထိန်းနံရံတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူး လိုက်ပါလျက် ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ မော်တုံးကြီး-တောင်သုံးလုံး ကျေးရွာချင်းဆက်မြေသားလမ်း ၁၁ မိုင် အနက် အပြီးသတ် ၃ မိုင် ဖောက်လုပ်ခြင်း လုပ်ငန်းအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာလ ၁၅ ရက်နေ့နံနက်ပိုင်းတွင် မြိတ်မြို့၊ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများသို့ ရောက်ရှိပြီး ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ယန္တရားဂိုဒေါင်၊ သင်တန်းသူအိပ်ဆောင်၊ စားရိပ်သာ၊ သင်တန်းခန်းမ၊ စာသင်ဆောင်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။