နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ်ဖွင့်ပွဲ တက်ရောက်၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းများနှင့်တွေ့ဆုံ

မြစ်ကြီးနား၊ ဇန်နဝါရီ ၁၁
မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၌ တည်ဆောက်ပြီးစီးသော တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးသစ် အဆောက်အဦဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ အဆောက် အဦ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းနှင့် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးခင်ရီ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရုံးသစ်အဆောက်အဦကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်  တိုင်းမှူး တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ ပြီး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တို့က ရုံးအသစ်ဆိုင်းဘုတ်ကို  စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရေများ  ပက်ဖြန်းပေးကြသည်။
ထို့နောက် ရုံးသစ်အဆောက်အဦအတွင်း ခင်းကျင်းပြသထားသည့် တိုင်းရင်းသားစာပေ စာအုပ်စာ‌စောင်များ၊ တိုင်းရင်းသားများ အခွင့်အရေးအတွက် ပြဌာန်းထားသည့် ဥပဒေစာအုပ်များကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ရုံးဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်တို့က အမှာစကား ပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးက ရုံးသစ် ဖွင့်ပွဲအထိမ်းအမှတ်အလံများကို ဧည့်သည်တော်များထံ ပေးအပ်သည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်း မနောအိမ်တော်၌ ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသားများ၊ ရှမ်းတိုင်းရင်းသားများနှင့် ဗမာတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့်တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နှုတ်ခွန်းဆက် စကားများ ပြောကြားကြသည်။
ယင်းနောက် တိုင်းရင်းသားအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ         အတွက် ချီးမြှင့်ထောက်ပံ့ငွေများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ကြရာ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကိုယ်စား မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလနူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် မဂျွယ်ခန်းမ၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့်အတူ ကောက်သစ်စားပွဲ အခမ်းအနားသို့ တက်ရောက်ပြီး နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမှတ် ၁ နှင့် ၂ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း (မြစ်ကြီးနား) မှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနမှ ဖွင့်လှစ်သည့် သင်တန်းကျောင်း အခြေအနေ များကို ရှင်းလင်းတင်ပြပြီး ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ဖွံ့ဖြိုးရေး သင်တန်းကျောင်း (၂)ခု၏ သင်ကြားရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို  ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က လမ်းညွှန်အမှာစကား ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ဝန်ထမ်း များနှင့် ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ငွေများ၊ ‌ကျောင်းဝတ်စုံများနှင့် စာရေး ကိရိယာများကို ထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် ကျောင်းဝင်းအတွင်း ကျောင်းသား ကျောင်းသူများ၏ ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ရေး ပစ္စည်းများဖြင့် လေ့ကျင့်ခန်းဆောင်ရွက်နေမှု၊ စားရိပ်သာတွင် အစားအသောက် ကျွေးမွေးမှု အခြေအနေ၊ အိပ်ဆောင်များနှင့် ကျောင်းစာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး အားပေးခဲ့ကြကြောင်း သိရသည်။