အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ဖေဖော်ဝါရီလ ၁၃ ရက်

   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
    တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အဖွဲ့ဝင် ခွန်ဥက္ကာ၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်း ရေးမှူးကျာယာကုတ်၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ ဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ မွန်ပြည်သစ်ပါတီ(NMSP)မှ ဗဟိုကော်မတီဝင် နိုင်ဗညားမွန်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)မှ ဗဟိုဦးစီးကော်မတီဝင်နန်းမိုးမိုးစောနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)မှ ဆက်ဆံရေးရုံးဒုတိယတာဝန်ခံ ခွန်တီးလားတို့ပါဝင်သည့်  ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
    ဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ကိုယ်စား KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးတို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားကြသည်။
    ထို့နောက် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်သည့် နည်းလမ်းများ၊  ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့် ပတ်သက်ပြီး အဖွဲ့အစည်းများ၏ သဘောထားများ၊ အကြံပြုချက်များကို အမြင်ချင်းဖလှယ်၍ အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြသည်။ 
    ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အဖွဲ့ဝင်ခွန်ဥက္ကာနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က နိဂုံးချုပ်အမှာစကား ပြောကြားကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
    တွေ့ဆုံပွဲတွင် တိုင်းရင်းသား ပြည်သူလူထု၏အကျိုးကိုရှေးရှု၍ လက်ရှိဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းရေးစားပွဲဝိုင်း၌ တွေ့ဆုံညှိနှိုင်းဖြေရှင်းကြရန်၊ ပဋိပက္ခကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသည့် အရပ်သားပြည်သူများကို အကာအကွယ် ပေးရေးနှင့် အကူအညီအထောက်အပံ့များ အမြန်ဆုံးရရှိရေး ပဋိပက္ခတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း များသို့ တိုက်တွန်းကြောင်းကို တက်ရောက်လာကြသူများက တူညီသည့် သဘောထားကို ထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

Post Paragraph
video-upload