နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်

မတ် လ  ၅  ရက်
    ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင် ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများ၏ ပြည်သူစစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ်လမ်းမှားမရောက်ရှိစေရေးအတွက် တရားဝင် သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာ ဖတ်ရှုလေ့လာနိုင်ရေး အသိပညာပေး ဆောင်ရွက်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
   အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊ ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
    ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ထမ်းများအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး ၃ ပါးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ထာဝရ တည်တံ့ခိုင်မြဲစေရန်အတွက် စောင့်ထိန်းရမည့် အမျိုးသားရေးတာဝန်ဖြစ်သဖြင့် အလေးအနက်ထား လိုက်နာကျင့်ကြံ နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ပီသစွာဖြင့် နိုင်ငံတော်ကထုတ်ပြန်ထားရှိသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ ပေးအပ်ထားရှိသည့် တာဝန်များကို ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ကောင်းမွန်ပြီးဖြစ်သည့် မိမိတို့ ဝန်ကြီးဌာန၏ ပုံရိပ်ကို ဆက်လက်ထိန်းသိမ်း၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ ကျန်းမာရေး၊ စားသောက် နေထိုင်မှု၊ သက်သာချောင်ချိရေးတို့အတွက် ဆောင်ရွက်ပေးနေမှု၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် သင်တန်းများ စေလွှတ်တက်ရောက်စေမှု နှင့် ဝန်ထမ်းများ၏ လိုအပ်ချက်ရှိသည်များကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။  
    ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်း နှင့် စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ထွဋ်က  ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျခံရမည့် ပြစ်ဒဏ်များအကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မလိုလားအပ်သည့် မီဒီယာအချို့၏ ကောလာဟလ လုပ်ကြံသတင်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပြီး တက်ရောက်လာသူများ နှင့် အပြန်အလှန် မေးမြန်းဖြေကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 
 

Post Paragraph