ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အဆင့်မြင့် အင်္ဂလိပ်စာ သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) တက်ရောက်ဖွင့်လှစ်

ဖေဖော်ဝါရီလ ၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အဆင့်မြင့်အင်္ဂလိပ်စာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) နှင့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ ပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဝန်ထမ်းများ အနေဖြင့် အင်္ဂလိပ်စာ စွမ်းရည်ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အဆင့်မြင့် အင်္ဂလိပ်စာ သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ အဆင့်မြင့် အင်္ဂလိပ်စာသင်တန်းသို့ တက်ရောက် ကြမည့် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ပြီးခဲ့သည့် အင်္ဂလိပ်စာစွမ်းရည် တိုးတက်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) မှ သင်ကြားတတ်မြောက်ခဲ့သည့် အခြေခံကောင်း များကိုအရင်းခံ၍ ယခင် ကထက်ပိုမို ထူးချွန်ထက်မြက်အောင် လေ့လာသင်ယူသွားကြရန် လိုအပ်မည် ဖြစ်ပါကြောင်း။
    အလားတူ အင်္ဂလိပ်စာ တိုးတက်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း အခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ ဇွဲ၊ လုံ့လ၊ ဝိရိယ အပြည့်ဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ အားကြိုးမာန်တက် လေ့ကျင့်သင်ယူမှတ်သားသွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း၊ သင်တန်းပြီးဆုံးသည့် နောက်ပိုင်းတွင်လည်း သင်ယူတတ်မြောက် ခဲ့သည့် အခြေခံကောင်းများဖြင့် တစိုက်မတ်မတ် ဆက်လက်လေ့လာ၍ ဝန်ကြီးဌာန၏ လုပ်ငန်းခွင် များ၌ အကျိုးရှိရှိ အသုံးချသွားကြရန် မှာကြားလိုကြောင်း၊ မိမိတို့ ဝန်ထမ်းများအနေဖြင့် အရည် အချင်း ပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားသည့် ဝန်ထမ်းများ ဖြစ်လာအောင် ကြိုးစားဆောင်ရွက် ကြရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုမည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင် အားထုတ်ကြိုးပမ်း သွားကြရန် မှာကြားခဲ့ပါသည်။
    ထို့နောက် အင်္ဂလိပ်စာ စွမ်းရည် တိုးတက်ရေး သင်တန်း နည်းပြ ဦးသန်းဆွေ က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် သင်တန်းများ  ပို့ချသင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

video-upload