
နိုင်ငံတော်အစိုးရသစ် စတင်တာဝန်ယူခဲ့သည့် ၂ဝ၁၆ ခုနှစ် မတ် ၃ဝ ရက်မှစပြီး နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် တစ်နှစ်တာကာလအတွင်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တည်ငြိမ်အေးချမ်းမှုရရှိရေးကို ရှေးရှုကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားလျက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေး လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်ပေးလျက်ရှိသည်။
နယ်စပ်ဒေသများ၏ ထူးခြားသောဝိသေသများ
မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများသည် နယ်မြေကျယ်ပြန့်သော်လည်း လူဦးရေ သိပ်သည်းမှု နည်းပါးခြင်း၊ ကျေးရွာတစ်ရွာနှင့် တစ်ရွာ အလှမ်းကွာဝေးသဖြင့် ကူးလူးဆက်ဆံမှု နည်းပါးခြင်း၊ ဘာသာစကား ဓလေ့ထုံးစံများ ကွဲပြားခြင်း၊ ပထဝီအနေအထားအရ အခြားသော ပြည်နယ်ဒေသများနှင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ပြင် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ပေါ်ပေါက်ခဲ့သော ပြည်တွင်းသောင်းကျန်း မှုဒဏ်ကြောင့် အယူဝါဒ၊ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုများကိုအရင်းခံပြီး လွတ်လပ်ရေးနှင့်အတူ ဖြစ်ပေါ်လာခဲ့သော လက်နက်ကိုင် ပဋိပက္ခများကြောင့် လူမှုစီးပွားဘဝများ အပါအဝင် အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့ကြရသည်။
ထိုသို့သော အခြေအနေများ လျော့နည်းသွားစေရန် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး သုံးပါးနှင့်အညီ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီကို ၂၅-၅-၁၉၈၉ ရက်တွင် စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် လုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီကို ၃၁-၅-၁၉၈၉ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့မှ ချမှတ်ပေးထားသော မူဝါဒ လမ်းညွှန်ချက်များအား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများနှင့် လုပ်ငန်းဆပ်ကော်မတီများကိုလည်း ဖွဲ့စည်း၍ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သည်။
ထို့အတူ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ၂၄-၉-၁၉၉၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အပြင် မြို့ပြနှင့်ကျေးလက် စည်ပင်သာယာရေးလုပ်ငန်းများကိုပါ ပိုမိုထိရောက်စွာ ပေါင်းစပ် အကောင်အထည်ဖော်နိုင်ရန် ၃ဝ-၁-၁၉၉၄ ရက်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ လက်ထက်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဌာနအား နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် ၃ဝ-၃-၂ဝ၁၁ ရက်တွင် ထပ်မံပြင်ဆင်ဖွဲ့စည်း ပေးခဲ့သည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်-
(က) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက်များနှင့်အညီ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးများ၏ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊
(ခ) တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေဓလေ့ထုံးစံတို့ကို မြတ်နိုးစွာ ထိန်းသိမ်းနိုင်စေရန်၊
(ဂ) တိုင်းရင်း သားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်၊
(ဃ) စီးပွားရေးလုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် မူးယစ်ဆေးဝါးစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းစေရန်၊
(င) နယ်စပ်ဒေသ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာ ရေးတို့ကို ထိန်းသိမ်းရန် စသည့်ရည်ရွယ်ချက်များ ချမှတ်ဆောင်ရွက် လျက်ရှိသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပီပီပြင်ပြင် စနစ်တကျဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရသည် ၁၃-၈-၁၉၉၃ ရက်တွင် ဥပဒေအမှတ် (၁၁/၉၃)ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည်။ အဆိုပါဥပဒေအား လက်ရှိအချိန်နှင့် ကိုက်ညီစေရန် ၂၂-၇-၂ဝ၁၅ ရက်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပေးခဲ့သည်။
နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား စနစ်တကျဆောင်ရွက်နိုင်စေရန် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဥပဒေနှင့်အညီ ပင်မစီမံကိန်းတစ်ရပ်အား ၁၉၉၃-၉၄ ဘဏ္ဍာနှစ်မှ ၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာနှစ်အထိ စုစုပေါင်း စီမံကိန်းကာလ ၁၃ နှစ် သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်၏ လမ်းညွှန်ချက်အရ အခြေခံနှစ် ၂ဝဝ၁- ၂ဝဝ၂ ဘဏ္ဍာနှစ်မှ ၂ဝ၃ဝ-၂ဝ၃၁ ဘဏ္ဍာနှစ်အထိ နှစ် ၃ဝ နှစ်ရှည်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
နယ်စပ်ဒေသဖွံ့ဖြိုးရေး အဓိကဆောင်ရွက်ပေးမည့် ဒေသများအဖြစ် Border Line နှင့် ထိစပ်လျက်ရှိသည့် ပြည်နယ် ခုနစ်ခု၊ တိုင်းဒေသကြီး နှစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ခြောက်ခုရှိ မြို့နယ် ၁၆၈ မြို့နယ်၊ ကျေးရွာ ၁၁ဝ၆၉ ရွာတို့အား သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ၌ တည်ငြိမ်အေးချမ်းမှု (Peace and Stability) ရရှိရေးသည် အဓိကအရေးအကြီး ဆုံးအချက်အဖြစ်ခံယူပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားရေးတို့ကို အထူးအလေးထား လျက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကောင် အထည်ဖော် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာနသည်
(က) နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊
(ခ) နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊
(ဂ) နယ်စပ်ဒေသတွင်နေထိုင်သော ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရေး၊
(ဃ) နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေး စသည့်မူဝါဒ (၄) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေးဗဟိုကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင် ၂၃ ဦးဖြင့် လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၃၂ ဦးဖြင့်လည်းကောင်း ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါသည်။ ၎င်းအပြင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကဏ္ဍအလိုက်စနစ်တကျ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးနိုင်ရန်အတွက် လမ်းတံတား လုပ်ငန်းဆပ်ကော်မတီ၊ ကျန်းမာရေးလုပ်ငန်း ဆပ်ကော်မတီ၊ ပညာရေးလုပ်ငန်း ဆပ်ကော်မတီ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းဆပ်ကော်မတီ၊ စွမ်းအင်လုပ်ငန်း ဆပ်ကော်မတီ၊ သာသနာရေးလုပ်ငန်း ဆပ်ကော်မတီနှင့် လူမှုဝန်ထမ်းလုပ်ငန်း ဆပ်ကော်မတီတို့ကိုလည်း ပြင်ဆင်ဖွဲ့စည်းထားပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိသည်။
နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဏ္ဍာငွေလျာထားသုံးစွဲမှု
နယ်စပ်ဒေသများတွင် တိုင်းရင်းသားလူမျိုးများ၏ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက် သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်အတွက် အခြေခံစီးပွားရေး ဆိုင်ရာ အဆောက်အအုံများကို ဖော်ဆောင်ပေးရာတွင် အဓိကလိုအပ်သည့် အခြေခံ အဆောက်အအုံ (Infrastructure) လုပ်ငန်းများဖြစ်သော လမ်းတံတားလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ၊ စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေး အထောက်အကူပြု တည်ဆောက်ရေး လုပ်ငန်းများကို ပြည်နယ်/တိုင်းဒေသကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၌ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာတွင် ဒေသတွင်း ရေရှည်တည်တံ့စေ ရေးနှင့် ဒေသခံလူထု၏ ပူးပေါင်း ပါဝင်မှုရှိစေရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများတွင် နိုင်ငံတော်နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အစပျိုး ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများရရှိခဲ့သည်။
နယ်စပ်ဒေသရှိ တိုင်းရင်းသား တိုင်းရင်းသူများရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်ရှိသည့် ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)မှ တစ်နှစ်လျှင် B.E.D ဘွဲ့ရ ဆရာ/ဆရာမ ၅ဝဝ ခန့်ကို လည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် စစ်ကိုင်းနှင့် ရန်ကုန်တို့မှ တစ်နှစ်လျှင် A.G.T.I၊ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ သင်တန်းသား ၆ဝဝ ခန့်ကို လည်းကောင်း အသီးသီးမွေးထုတ်ပေးနိုင်ခဲ့ပြီး ကျောင်းပြီးသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် ခန့်အပ်တာဝန်ပေးနိုင်ခဲ့သည်။ ထို့အပြင် အလယ်တန်း၊ အထက်တန်း ပညာရေးသင်ကြားပေးလျက်ရှိသည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၄ ကျောင်းနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ လေ့ကျင့်သင်ကြား ပေးလျက်ရှိသည့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း ကိုးကျောင်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၄၃ ကျောင်း တို့ကို ဖွင့်လှစ်ပေးနိုင် ခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၆ ခုနှစ် မတ် ၃ဝ ရက်မှစပြီး တစ်နှစ်တာကာလအတွင်း ပြည်နယ်/တိုင်းဒေသကြီးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းကဏ္ဍ စုစုပေါင်း ၇၃၇ ခုကို ခွင့်ပြုရန်ပုံငွေ ကျပ် ၆၈ ဒသမ ၂၆၂ ဘီလီယံ သုံးစွဲပြီး ဆောင်ရွက်နိုင်ခဲ့ပါသည်။ လုပ်ငန်းများအနေဖြင့် မြေလမ်း ၅၅၉ မိုင်၊ ကျောက် လမ်း ၂၁၉ မိုင်၊ ကတ္တရာလမ်း ၇၅ မိုင်၊ ကွန်ကရစ်လမ်း ၁၂ မိုင်၊ ဆိုင်ကယ်လမ်း ၇၂ မိုင်၊ တံတားကြီး/လတ်/ငယ် ၈၇ စင်း၊ Box Culvert ၉၃၃ ခု၊ စာသင်ကျောင်းအသစ် တည်ဆောက် ခြင်းနှင့် အဟောင်းပြုပြင်ခြင်း ၂၁၅ ကျောင်း၊ ရေတွင်း/ရေကန် တူးဖော်ခြင်း ၁၄၉ ကန်၊ ရေရရှိရေးလုပ်ငန်း ၄၄ ခု၊ မီးလင်း ရေး ၈၆ ရွာတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အလားတူ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်/ ကောလိပ်၊ လူငယ်ကျောင်းများ၊ အိမ်တွင်းမှုကျောင်းများ၊ စက်မှုလက်မှုကျောင်းများ၌ရှိသည့် သင်တန်းသား ၁၂ဝဝဝ ကျော်အတွက် စားသောက်နေထိုင်ရေးနှင့် သင်တန်းဆိုင်ရာ လိုအပ်ချက်များ၊ သင်တန်းအဆောက်အအုံနှင့် သင်ထောက်ကူပစ္စည်းများအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၁၆ ဒသမ ၄၉၄ ဘီလီယံ ကျခံ သုံးစွဲဆောင်ရွက်နိုင်ခဲ့သည်။
သို့ဖြစ်ပါ၍ တစ်နှစ်တာကာလအတွင်းမှာ ဝန်ကြီးဌာနအနေဖြင့် စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၈၄ ဒသမ ၇၅၆ ဘီလီယံသုံးစွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာပြည် (မြောက်ပိုင်း) ဝေးလံခေါင်ဖျားသော ပူတာအို-ခေါင်လန်ဖူးလမ်း ဖောက်လုပ်ခြင်း
နယ်စပ်ဒေသ လမ်းတံတားလုပ်ငန်းများ နှင့်ပတ်သက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ မျှော်မှန်းချက်မှာ ကျေးရွာတစ်ရွာနှင့်တစ်ရွာ၊ နယ်မြေဒေသတစ်ခုနှင့်တစ်ခု ကူးလူးဆက်သွယ် သွားလာနိုင်စေရေး ရှေးဦးစွာ လမ်းများပေါက်သွားစေရမည်ဖြစ်ပြီး ထိုလမ်းများကို အသုံးပြု ဆက်သွယ်သွားလာရင်း တွေ့ပါများတော့မြင်၊ မြင်ပါများတော့ ရင်းနှီးဆိုသည့် စကားနှင့်အညီ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲလာကာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ထွန်းကားပြန့်ပွားလာရေးပင်ဖြစ်သည်။ ထိုမျှော်မှန်းချက်နှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေများ အတွင်း ဆောင်ရွက်ခဲ့သော လမ်း/တံတား စီမံကိန်းလုပ်ငန်းများအနက် ဝေးလံခေါင်ဖျားသည့် ကချင်ပြည်နယ်(မြောက်ပိုင်း) တွင် ပူတာအို-နောင်မွန်လမ်းပေါ်ရှိ မဂွေဇမှ ခေါင်လန်ဖူးအထိ ၆၅ မိုင်ကို ခက်ခဲကြမ်းတမ်း သည့် တောတောင်လျှိုမြောင်များဖြတ်ပြီး တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ B.E အင်ဂျင်နီယာစစ်သည်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဖောက်လုပ်ပေးနိုင်ခဲ့သည်။ အဆိုပါလမ်းကို မဂွေဇကနေ ငါ့လုံဒမ်အထိ အပိုင်း (၁) အဖြစ်လည်းကောင်း၊ ငါ့လုံဒမ်မှ ရီဒမ်းအထိကို အပိုင်း (၂) အဖြစ်လည်းကောင်း၊ ရီဒမ်းမှ ခေါင်လန်ဖူးအထိကို အပိုင်း (၃) အဖြစ်လည်း ကောင်း ဖောက်လုပ်သွားမည်ဖြစ်သည်။
နယ်စပ်ဒေသကျေးလက်များတွင် သန့်ရှင်းသော သောက်သုံးရေ/စိုက်ပျိုးရေ ရရှိရေး
လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရက် (၁ဝဝ) စီမံကိန်းအရ နိုင်ငံတော်တစ်ဝန်း၌ ရေကန်ပေါင်း ၁ဝဝ တူးဖော်ဆောင်ရွက်ပေး ခဲ့သည်မှ အစပြု၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆက်လက်၍ ရေကန်များတူးဖော်ပေးခြင်း၊ စိမ့်စမ်းရေသွယ်ယူခြင်း၊ စက်တူးတွင်း၊ လက်တူးတွင်း တူးဖော်ပေးခြင်းတို့ကို စုစုပေါင်း ရန်ပုံငွေကျပ် ၃၅ဝ၇ သန်း ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူများ၏ သောက်သုံးရေ ရှားပါးမှုအခက်အခဲကို အတိုင်း အတာတစ်ခုအထိ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့သည်။
တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး စံပြကျေးရွာများထူထောင်
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ယခင်ကတည်းကပင် ရခိုင်ပြည်နယ်အတွင်း၌ နတလ စံပြကျေးရွာ ၁၉ ရွာ၊ စုစည်းကျေးရွာ ၂ဝ စုစုပေါင်း ၃၉ ရွာကို တည်ဆောက်ပေး ခဲ့သည်။ ယခုလည်း မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာ၌ ရခိုင်တိုင်းရင်းသား မိသားစုများအတွက် စံပြကျေးရွာတစ်ရွာ ထူထောင်ရန် တန်ဖိုးသင့်အိမ်ရာ အလုံး ၁ဝဝ တည်ဆောက်လျက်ရှိပြီး ကျေးရွာတွင်း လမ်းများဖောက်လုပ်ခြင်း၊ ရေသွယ်ယူခြင်း၊ မီးလင်းရေးလုပ်ငန်းများအပြင် နေထိုင်မည့် ပြည်သူများအတွက် ရိက္ခာထောက်ပံ့ခြင်း လုပ်ငန်းများကို စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ IDP များအတွက် စစ်တွေတွင် တဲတန်းလျားအလုံး ၅ဝ၊ ရမ်းဗြဲတွင် ၁၂ လုံး စုစုပေါင်း ၆၂ လုံး ပြုပြင်ပေးခဲ့သည်။ ထို့အတူ ကယားပြည်နယ် ဟွေပုံလောင်းဒေသ ဟွေအော့ကျေးရွာတွင်လည်း တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်ပေးပြီး ကျေးရွာသစ်တစ်ရွာ တည်ဆောက် ပေးခဲ့သည်။
လူသားချင်းစာနာသည့် အထောက်အပံ့များ
ဝေးလံခေါင်းဖျားသော နယ်စပ်ဒေသရှိ ဆင်းရဲနွမ်းပါးသော တိုင်းရင်းသားများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် IDPs များအတွက် လူသားချင်းစာနာသော အထောက်အကူ အဖြစ် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားနပ်ရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများနှင့် အဝတ်အထည်များ စုစုပေါင်း ကျပ်သန်း ၁ဝ၆ဝ ထောက်ပံ့ပေးအပ်နိုင်ခဲ့သည်။
စာသင်ကျောင်း ၁ဝဝ စီမံကိန်းများ
နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အထောက် အပံ့ဖြင့် ရခိုင်ပြည်နယ်တွင် BAJ အဖွဲ့မှ စာသင်ကျောင်း ၁ဝဝ၊ ရှမ်းပြည်နယ်တွင် စေတနာ အဖွဲ့မှ စာသင်ကျောင်း ၁ဝဝ ကို ပြည်နယ်တစ်ခုလျှင် တစ်နှစ်လျှင် စာသင်ကျောင်း ၂ဝ စီဖြင့် တည်ဆောက်ပေးလျက်ရှိရာ ယခုနှစ်အထိ စာသင်ကျောင်း ၁ဝဝ စီဖြင့် စုစုပေါင်း စာသင်ကျောင်း ၂ဝဝ အား တည်ဆောက်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။
ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ
နိုင်ငံတော်ဖွံ့ဖြိုးရေးတွင် အဓိကကျသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် မူးယစ်ဆေးဝါး စိုက်ပျိုးမှုပပျောက်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) နောင်တရားဒေသတွင် ဘိန်းစိုက်ပျိုးသည့် ကျေးရွာများအား စိုက်ပျိုးမှု ပပျောက်စေရေးအတွက် အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် Pilot Project သုံးနှစ် စီမံကိန်းကို သက်ဆိုင်သည့် ဝန်ကြီးဌာနလေးခု ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ယူခြင်း လုပ်ငန်းကို ယခုနှစ်တွင် ဆောင်ရွက်ခဲ့ပြီး ဒေသ၏ လိုအပ်ချက်အပေါ် စီမံကိန်းရေးဆွဲ၍ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လျာထားဆောင်ရွက် နိုင်ခဲ့သည်။
ဝန်ကြီးဌာန ဖွဲ့စည်းပုံပြင်ဆင်ခြင်း
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖွဲ့စည်းပုံသည် ယခင်က ဒေသဖွံ့ဖြိုးရေးဆောင်ရွက် ပေးသော ဖွံ့ဖြိုးရေးအထူးဒေသများ အပေါ်အခြေခံ၍ ဖွဲ့စည်းထားခဲ့ရာမှ ယခုအခါ နယ်စပ် ဒေသတစ်ခုလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးရေးဆောင်ရွက်ပေးနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံတော်ဖွဲ့စည်းပုံနှင့်အညီ တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၊ ခရိုင်ရုံး၊ မြို့နယ်ရုံး များဖြင့် အရာရှိ/ဝန်ထမ်း အင်အားများကိုပါ ပြင်ဆင်ရေးဆွဲ ဖွဲ့စည်း နိုင်ခဲ့သည်။
ဒေသန္တရလမ်းတံတား ကော်မတီဖွဲ့စည်းမှု
ထို့အတူ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းသဘော သဘာဝတူညီသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနများ အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းများ မထပ်စေရန်နှင့် ကွက်ပြည့် အကောင်အထည် ဖော်နိုင်ရန်အတွက် ဒေသန္တရ လမ်းတံတားကော်မတီကို ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၆၃၈၆ဝ အနက် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ နယ်စပ်ဒေသရှိ ကျေးရွာပေါင်း ၁၁ဝ၆၉ ရွာကို လည်းကောင်း၊ ကျန်ကျေးရွာ ၅၂၇၉၁ ရွာကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လည်းကောင်း ဖွံ့ဖြိုးမှုဆောင် ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခဲ့သည်။
ဝန်ထမ်းများအရည်အသွေးမြှင့်တင်ခြင်း
ထို့အပြင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၏ အရည်အသွေး တိုးတက်မြင့်မားလာစေရေး၊ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ပေးနိုင်ရေး ရည်ရွယ်၍ ဝန်ကြီးဌာနမှ ဝန်ထမ်းများကို တည်ဆောက်ရေး လုပ်ငန်းများအား စနစ်တကျ ကြပ်မတ်စစ်ဆေးနိုင်ရန်အတွက် အင်ဂျင်နီယာ ဘာသာရပ် ဆိုင်ရာ မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ တစ်ကြိမ်လျှင် သင်တန်းသား ၃ဝ ဖြင့် တစ်လ သင်တန်း ငါးကြိမ် ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး စုစုပေါင်း သင်တန်းသား ၁၅ဝ ကို အရည်အချင်း မြှင့်တင်ပေးနိုင်ခဲ့သည်။
အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများကို စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရေး၊ စိတ် ဓာတ်၊ စည်းကမ်းပိုမိုကောင်းမွန်စေရေးအတွက် British Council နှင့် Nippon Foundation အဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍ ခေါင်းဆောင်မှု စွမ်းရည်တိုးတက်စေရေး သင်တန်းများ၊ အင်္ဂလိပ်စကားပြော ကျွမ်းကျင်စေရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာစေရေး
နယ်စပ်ရေးရာဝန်ကြီးဌာနသည် သက်ဆိုင်ရာ နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသားများကို တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်စွာ အတူယှဉ်တွဲနေထိုင်ရင်း တစ်ဦး၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို တစ်ဦးက လေ့လာသိရှိ ဖလှယ်ခွင့်ရရှိစေရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိပြီး ရရှိခဲ့သည့် အတွေ့အကြုံကောင်းများကို မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုးရေးအတွက် ထိရောက်စွာပြန်လည် အသုံးချနိုင်စေရန်၊ မိမိတို့ တိုင်းရင်းသား အားလုံးသည် ရှေးနှစ်ပေါင်း များစွာကပင် ပြည်ထောင်စုကြီးအတွင်း အေးအတူပူအမျှ မှီတင်းနေထိုင်လျက်ရှိကြသော တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်နှမများဖြစ်ကြသည်ဆိုသော ကောင်းမွန်မှန်ကန်သည့် ခံယူချက်ဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်များရှင်သန် ခိုင်မာလာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ပလောင်နှင့် ဓနုတိုင်းရင်းသားများကို ဖိတ်ကြား ခေါ်ယူပြီး နေပြည်တော်နှင့် ပတ်ဝန်းကျင် လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေး ခဲ့သည်။
အဆိုပါလုပ်ငန်းစဉ်ကိုလည်း နှစ်စဉ် တိုင်းရင်းသားမျိုးစုံပါဝင်နိုင်အောင် အလှည့်ကျစနစ်ဖြင့် ခေါ်ယူဆောင်ရွက်ပေး သွားမည် ဖြစ်သည်။
ဒီဂရီကောလိပ်များ၌ သင်တန်းသူများစတင်လက်ခံ
နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)နှင့် (စစ်ကိုင်း)တို့တွင် စတင်ဖွင့်လှစ်ချိန်မှ ယခင်နှစ် ပညာသင်နှစ်အထိ နယ်စပ်ဒေသ အသီးသီးမှ တိုင်းရင်းသားလူငယ်လေးများကိုသာ တစ်နှစ်လျှင် ၆ဝဝ ခန့် ရွေးချယ်ခေါ်ယူ သင်ကြားပေးခဲ့သည်။ သို့သော် ပြောင်းလဲလာသည့် ခေတ်စနစ်ပေါ်မူတည်ပြီး နိုင်ငံတော် အစိုးရ၏ ချမှတ်ထားသော မူဝါဒများနှင့်အညီ ကျား၊ မ မခွဲခြားဘဲ တန်းတူရည်တူ အခွင့်အရေးရရှိစေရန်အတွက်လည်းကောင်း၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ Pilot Project အနေဖြင့် ယခုစာသင်နှစ်မှ စတင်ပြီး ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)တွင် သင်တန်းသူ ၅၃ ဦးကို သင်ကြားလေ့ကျင့်ပေးလျက် ရှိသည်။ နောင်နှစ်များတွင်လည်း ဒီဂရီကောလိပ် နှစ်ခုစလုံးတွင် တိုင်းရင်းသူအမျိုးသမီးဦးရေ ယခုထက် ပိုမိုလက်ခံ သင်ကြားပေးနိုင်ရန် စီမံဆောင်ရွက်လျက် ရှိသည်။
အောင်ချက်မြင့်မားရေး
နယ်စပ်ဒေသအသီးသီးတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၄ ကျောင်း ဖွင့်လှစ်ထား ရှိပြီး တိုင်းရင်းသားလူငယ် ၆၃ဝဝ ကျော် တက်ရောက် ပညာသင်ကြားလျက်ရှိရာ ယခင်နှစ်များထက် တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများ အောင်ချက်မြင့်မားစေရေးအတွက် ယခုစာသင်နှစ်မှစ၍ ပြင်ပမှအတွေ့ အကြုံမြင့်မားသော ဝါရင့်ဆရာကြီး ဆရာမကြီးများကိုခေါ်ယူပြီး ဉာဏ်ပူဇော်ခချီးမြှင့်၍ အနီးကပ်သင်ကြား ပို့ချပေးမှုများ ပြုလုပ်နိုင် ခဲ့သည်။
အသက်မွေးဝမ်းကျောင်းပညာ
အသက်မွေးဝမ်းကျောင်းပညာ (Voca- tional Training) သည် မိမိတို့ဝါသနာနှင့် ကိုက်ညီသော ပညာရပ်များကို သင်ယူခွင့်ရရှိအောင် စီမံဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယင်း ပညာရပ်ကိုလည်း ဒုတိယတန်းစား ပညာရပ်အဖြစ် သဘောမထားကြရန်၊ နိုင်ငံတော်အတွက် တက္ကသိုလ်ပညာရေးကဲ့သို့ပင် အသက်မွေးဝမ်းကျောင်း ပညာရေးကိုလည်း အထူးအလေးထား ကြရန်လိုပေသည်။ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို တန်ဖိုးထားသော နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုများ ရှိနေသကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိနေကြောင်း တွေ့မြင်နိုင်ပေသည်။ ထို့ကြောင့် မိမိတို့နိုင်ငံ၌လည်း အသက်မွေးဝမ်းကျောင်း ပညာရေးကို ပထမတန်းစား ပညာရေးအဖြစ် တန်ဖိုးထားလာ သည်အထိ ကြိုးပမ်းမြှင့်တင်ဆောင်ရွက်သွား ကြရန်လည်း လိုအပ်သည်။
အဆင့်မြင့်ပညာရပ်များ သင်ကြားရန် အခွင့်အရေးမရှိခဲ့ကြသည့် နယ်စပ်ဒေသ အသီးသီးမှ တိုင်းရင်းသားလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်စေရန် ရည်ရွယ်ပြီး နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်များကို ယခင် ခုနစ်ကျောင်းသာ ဖွင့်လှစ်ခဲ့ရာမှ ယခုနှစ်တွင် ကိုးကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ကွန်ပျူတာသင်တန်း၊ လျှပ်စစ်သွယ်တန်းခြင်း သင်တန်း၊ မော်တော်ယာဉ်စက်ပြင် သင်တန်း၊ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်ဂဟေသင်တန်း စသည့်အသက်မွေးဝမ်းကျောင်း သင်တန်းများကို တိုးချဲ့သင်ကြား ပို့ချပေးလျက်ရှိပြီး တိုင်းရင်းသားများ၏ လူနေမှုဘဝ အဆင့်အတန်း မြင့်မားစေရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားခွင့် မရခဲ့ကြသည့် တိုင်းရင်းသူ အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးရည်ရွယ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန အောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများကို ယခင် ၃၉ ကျောင်းရှိရာမှ ယခုအခါ ၄၃ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။ အိမ်တွင်းမှု သင်တန်းကျောင်းများတွင် အခြေခံ စက်ချုပ်သင်တန်း၊ အဆင့်မြင့် စက်ချုပ်သင်တန်း၊ သိုးမွေးစက်ဆွဲသင်တန်း၊ ရက်ကန်း/ ဂျပ်ခုတ်သင်တန်း၊ ကနုကမာကျောက်စီသင်တန်း၊ ကြိမ်/ဝါးသင်တန်း၊ ဟင်းလျာသင်တန်းတို့ကို ၂ဝ၁၆ ခုနှစ်တွင် သင်တန်းသူ ၆၅ဝဝ အား သင်ကြားလေ့ကျင့်ပေးခဲ့သည်။ ယခုနှစ်မှစ၍ တိုင်းရင်းသားရိုးရာ လက်မှု ပညာများကို ခေတ်မီဒီဇိုင်းများရေးဆွဲကာ ရိုးရာဂျပ်ခုတ်နှင့် ရက်ကန်းအထည် အဆန်းများကို ပြန်လည်ဖော်ထုတ်ပြီး ဈေးကွက်ရောင်းတန်းဝင်အောင် တိုင်းရင်းသားရိုးရာအထည် ဆိုင်များနှင့်ချိတ်ဆက်၍ စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများ
နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံတော်ခွင့်ပြုရန်ပုံငွေများ ဖြင့် ဆောင်ရွက်ပေးနေသည်သာမက နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ ယခုတစ်နှစ်တာ ကာလအတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ငါးခု၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း သုံးခု၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ကိုးခု စုစုပေါင်း စီမံကိန်း ၁၇ ခုကို ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခုတွင် ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ရေရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ မိသားစုများ ဝင်ငွေတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး စသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။
အလားတူ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာငါးသန်း ကူညီမှုဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် စာသင်ကျောင်း ၁ဝ ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ကိုးခု၊ တံတားခြောက်စင်းနှင့် လမ်းလုပ်ငန်းများ စသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
ဖက်ဒရယ်စနစ်ကိုအခြေခံသော ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေး
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆာင်ရွက်ရာတွင် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေ သကဲ့သို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကား ပြန့်ပွားရေးကိုလည်း အထူး အလေးထားဆောင်ရွက်ခဲ့သည်။ စည်းလုံး ညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ ဖွံ့ဖြိုးတိုးတက်မှုမရှိလျှင်လည်း တည်ငြိမ် မှုနှင့် ငြိမ်းချမ်းမှုကို ထိန်းသိမ်းရန်အလွန်ခက်ခဲသည်။ ထိုနှစ်ခုကို ဟန်ချက်ညီအောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် အထူးအရေးကြီးလှ ပါသည်။
နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများသည် မိမိတို့ တိုင်းရင်းသားအားလုံး မျှော်မှန်းထားရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်စနစ်ကိုအခြေခံသော ဒီမိုကရေစီနိုင်ငံထူထောင်ရေး လုပ်ငန်းစဉ်များကို များစွာအထောက်အကူ ပြုလျက်ရှိပေသည်။
ဤသည်တို့ကို အလေးအနက်ခံယူလျက် နယ်စပ်ရေးရာဝန်ကြီးဌာနသည် ချမှတ်ထား သော မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တိုင်းရင်း သား သွေးချင်းများနှင့် အတူတကွ လက်တွဲပူးပေါင်း၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ပါသည်။