နေပြည်တော် စက်တင်ဘာ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် မူလတန်းဆရာအတတ်သင် (၃) နှစ်သင်တန်း အမှတ်စဉ် (၄၅) မှ သင်တန်းသား၊ သင်တန်းသူများအား ယနေ့ နံနက် (၉) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ငုရွှေခန်းမ၌ တွေ့ဆုံ၍ သြဝါဒအမှာစကား ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မျိုးဆက်သစ် တိုင်းရင်းသား လူငယ်များကို တွေ့ဆုံ အမှာစကား ပြောကြားခွင့် ရသည့်အတွက် အထူးပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ အားလုံးသိပြီး ဖြစ်သည့် အတိုင်း မကြာသေးမီက နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ညီလာခံကျင်းပမှုကိုလည်း အစမှအဆုံး ရုပ်မြင်သံကြားမှ တစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူ များ သိရှိနိုင်အောင် တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါကြောင်း။
နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်နေသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို (၂၁) ရာစုပင်လုံညီလာခံကြီးမှ အစပြုလိုက်ခြင်းလည်း ဖြစ်ပါကြောင်း၊ ဤဖြစ်စဉ်ကြီးတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံး ပါဝင်နိုင်ရန် တာဝန်ရှိသူများက ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း၊ ပြည်သူများ၏ မျှော်လင့်ချက်များ သည်လည်း ဘယ်ခေတ်၊ ဘယ်အခါနှင့်မျှ မတူအောင် မြင့်မားနေသည်ကို သိကြရမည် ဖြစ်ပါကြောင်း၊ ဤတာဝန်သည် ကြီးမားပါ ကြောင်း၊ နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုများစွာ ဖြတ်သန်းကြရဦးမည် ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းမှာပင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာရန်ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများ ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း၊ နှစ်ပေါင်း (၆၈)နှစ်၊ နှစ်(၇၀)နီးပါး ကြာမြင့်ပြီဖြစ်သည့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်ဇစ်မြစ်ဖြစ်သည့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းနှင့် ပြေလည်အောင် ဖြေရှင်းနိုင်ရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် အစိုးရသစ်လက်ထက်တွင် ထိပ်တန်း ဦးစားပေး လုပ်ငန်းစဉ်ကြီး တစ်ရပ်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။
နိုင်ငံရေးပြဿနာများကို စားပွဲဝိုင်း၌ နိုင်ငံရေးနည်းဖြင့် စေ့စပ်ညှိနှိုင်း အဖြေရှာကြသည့်နေရာတွင် အရေးကြီးဆုံးမှာ ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း အပြန်အလှန် နားလည်ရန်၊ အပြန်အလှန် ယုံကြည်ရန်နှင့် အပြန်အလှန်လေးစားရန် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် တည်ဆောက်ထားသည့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာရှင်သန်ရန် ဖြစ်ပါကြောင်း၊ ယခုရောက်ရှိ နေကြသည့် သားတို့၊ သမီးတို့သည် ဤရည်မှန်းချက်ကို ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆောင်ရွက် နေကြသူများပင်ဖြစ်ပါကြောင်း၊ သားတို့၊ သမီးတို့သည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ထမ်းဆောင်ကြမည့် မျိုးဆက်သစ် ခေါင်းဆောင်များ ဖြစ်ကြသည့်အတွက် အထူးပင် လေးစား ဂုဏ်ယူမိသည်ကို အလေးအနက်ထား ပြောကြား လိုပါကြောင်း။
အမိတက္ကသိုလ်ကြီးတွင် ပညာသင်ကြားလေ့ကျင့်ကြသည့်အခါ တိုင်းရင်းသား အချင်းချင်း တစ်မိုးအောက် တွင် အတူတကွ ချစ်ချစ်ခင်ခင် ကူညီရိုင်းပင်း ခဲ့ကြသည့် အတွက်လည်း သားတို့၊ သမီးတို့အတွက် ပြည်ထောင်စုစိတ်ဓာတ် ဆိုသည်ကို အထူးတလည် ပြောပြရှင်းလင်းစရာမလိုသည့် အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ဤတက္ကသိုလ်ကြီး၏ ရည်မှန်းချက်များသည် ပြည်ထောင်စု တိုင်းရင်းသား မျိုးဆက်သစ်များ အပေါ်တွင် ထားရှိသည့် မွန်မြတ်သော စေတနာများ၊ မျှော်လင့်ချက်များကို ထင်ဟပ် ဖော်ပြနေပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများအားလုံး သွေးစည်းညီညွတ်ရေး အတွက် မျှော်မှန်းထူထောင်ခဲ့သည့် ဤတက္ကသိုလ်ကြီး၌ ပညာသင်ခွင့်ရခဲ့သည့် ကာလသည် သားတို့ သမီးတို့ အတွက် အထူးတန်ဖိုးထားဂုဏ်ယူစရာလည်း ဖြစ်ပါကြောင်း။
ယခုဆိုလျှင် သားတို့ သမီးတို့သည် ဤတက္ကသိုလ်ကြီးတွင် မူလတန်းဆရာ အတတ်သင် (၃) နှစ် သင်တန်းကို တက်ရောက်ခဲ့ပြီး မကြာမီတွင် ပညာရေးဝန်ထမ်း အဖြစ်ဖြင့် မိမိတို့၏ ဇာတိရပ်ရွာဒေသများ၌ တာဝန်ထမ်းဆောင်ကြရတော့မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်တာဝန် ထမ်းဆောင်ကြရ သည့်အခါတွင် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား ပြည်သူများ အကြားတွင် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားစေရေးကို စွမ်းဆောင်နိုင်သော ပညာရေး ဝန်ထမ်းကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ်ကြရန် အလေးအနက်ထား မှာကြား လိုပါကြောင်း။
တိုင်းရင်းသားများအများစုနေထိုင်ရာ နယ်စပ်ဒေသများသည် အတိတ်သမိုင်း၏ အခြေအနေ အရပ်ရပ်ကြောင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အသိပညာတွင်လည်း နောက်ကျ ကျန်ရစ်ခဲ့သည်လည်း ရှိနိုင်ပါကြောင်း၊ ဤအခြေအနေ တွင် သားတို့ သမီးတို့အနေဖြင့် တတ်နိုင် သလောက် အသိပညာဝေမျှပေးပြီး အလင်းဖွင့်ပေးကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဤတာဝန် သည် ရာထူးအရ ပေးအပ်သည့် တာဝန်မဟုတ်ပါကြောင်း၊ မိမိတို့ပြည်ထောင်စု၊ မိမိတို့ သွေးချင်းများ အတွက် မျှဝေကူညီ ထမ်းဆောင်ပေးခြင်းဟု မှတ်ယူကြစေလိုပါကြောင်း၊ ဤအရာသည် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မိမိတို့ တတ်နိုင်သည့် တစ်ထောင့် တစ်နေရာ ကနေ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း။
သားတို့ သမီးတို့အား ပြောကြားလိုသည်မှာ မူးယစ်ဆေးဝါး၏အန္တရာယ်ကြီး မားပုံကို မိမိတို့၏ စာသင်သား များကို အခါအခွင့်သင့် တိုင်း ဟောပြောပို့ချကာ ဗဟုသုတ တိုးပွားစေပြီး လမ်းမှားကို မရောက်ကြစေရန် ထိန်းကျောင်းပေးရေးပင်ဖြစ်ပါကြောင်း၊ မျက်မှောက်ကာလတွင် မူးယစ်ဆေးဝါးသည် နယ်စပ်ဒေသများမှ မြို့ပေါ်အထိ ငယ်ရွယ်သူ ကျောင်းသားများ၊ အနာဂတ်၏ သားကောင်း သမီးကောင်းရတနာများကို ခြိမ်းခြောက် အန္တရာယ်ပြုနိုင်သည့် အလား အလာများ တွေ့နေရပါကြောင်း။
နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား လူမျိုးစုများ၏ လူမှုစီးပွားရေး ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက် အဟန့်အတား ဖြစ်စေမည့် ဤမူးယစ်ဆေးဝါးအန္တရာယ်ကို မိမိတို့ သားတပည့်များက တစ်ဆင့် သိကျွမ်းလာမည့် မိဘများကိုပါ အခြေအနေပေးတိုင်း ဆွေးနွေး ပြောကြားစေလိုပါကြောင်း။
အခုလာရောက်သည့် လေ့လာရေးခရီးစဉ်တွင်လည်း နိုင်ငံတော်အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်နေသည့် အခြေအနေများကို သိမြင်နားလည်လာကြရန် မျှော်လင့်ပါကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ အစိုးရ တစ်ရပ်တည်း သာမက ပြည်သူအားလုံး ပူးပေါင်းပါဝင်မှ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အတွေ့အကြုံ၊ ဒီမိုကရေစီ အလေ့အထများ အားနည်းနေသေးသည့် မြန်မာနိုင်ငံတွင် အားလုံးဝိုင်းဝန်း လက်တွဲဆောင်ရွက်မှ အခြေအနေကောင်းများကို ဖန်တီးတည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း၊ တစ်ချိန်တည်း မှာပင် တိုင်းရင်းသားများအားလုံး လိုလား တောင့်တနေသည့် ဖက်ဒရယ် ပြည်ထောင်စုကြီး ထူထောင်တည်ဆောက်ရန်အတွက် အမျိုးသား ညီညွတ်ရေးသည် မရှိမဖြစ်လိုအပ်ပါ သည်ကို သားတို့ သမီးတို့နားလည်သဘောပေါက် ထားပြီးဖြစ်မည်ဟု ယုံကြည်ပါ ကြောင်း။
သားတို့ သမီးတို့အနေဖြင့် တက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူနေစဉ် မိမိတို့ နှလုံးသားအိမ်တွင် ရရှိစွဲမြဲလာခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များကို ခိုင်မာသည်ထက် ခိုင်မာအောင် နောက်မျိုးဆက်လူငယ်များ အား လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ပညာသင်ကြားပို့ချခြင်းနှင့်အတူ စည်းရုံး ဆောင်ရွက်သွားကြရန်၊ လေ့လာရေးကနေ ရရှိလာသည့် အသိပညာ ဗဟုသုတများ ကိုလည်း မိမိတို့သင်တန်းဆင်းပြီး လုပ်ငန်းတာဝန်ထမ်းဆောင်ကြသည့် အချိန်တွင် အသုံးချသွားကြရန် မှာကြားလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင် နိုင်မည့် တပည့် သားကောင်း များကို မွေးထုတ်ပေးရန် သားတို့ သမီးတို့အား နိုင်ငံတော်က ယုံကြည်မှုအပြည့်ဖြင့် ပြုစု ပျိုးထောင်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ သားကောင်း သမီးမွန်များပီသစွာ မိမိတို့ကို တာဝန်ပေးအပ်ထားသည့် ဒေသများတွင် လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုးတိုးတက်လာအောင်၊ နယ်မြေ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား ညီအစ်ကိုများ၏ လူမှုစီးပွားရေးဘဝများ တိုးတက် မြင့်မား လာအောင်၊ တိုင်းရင်းသား ပြည်များကြားတွင် ပြည်ထောင်စု စိတ်ဓာတ်ရှင်သန် ပြန့်ပွားလာအောင် ဆောင်ရွက်နိုင်သည့် ပညာရေးဝန်ထမ်းကောင်းများဖြစ်လာအောင် ကြိုးပမ်း ဆောင်ရွက်သွားကြပါဟု ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် မူလတန်း ဆရာအတတ်သင် (၃)နှစ်သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများကိုယ်စား ရှမ်းပြည်နယ် နမ့်စန်မြို့နယ်မှ ပလောင် တိုင်းရင်းသူ မလှမြတ်အေးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူ နှစ်ဦးကလေ့လာရေးခရီးစဉ် အမှတ်တရ ဂါရဝပြုလက်ဆောင် ပေးအပ်သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူများ နှင့်အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူ များ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်အားပေးသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာ မျိုးသိမ်းကြီးနှင့် နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။