နေပြည်တော်၊ နိုဝင်ဘာလ၂၂ရက်
၂၀၁၇ ခုနှစ်၊ ပထမအကြိမ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံးပြိုင်ပွဲကို ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိကျောင်းများ၌ ရန်ကုန်(ဇုံ)နှင့်စစ်ကိုင်း(ဇုံ)ခွဲ၍၁၄-၁၁-၂၀၁၇ရက်နေ့မှစတင်ကာသက်ဆိုင်ရာကျောင်းများ၏ အားကစားကွင်းတွင်အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားခဲ့ကြပြီးအုပ်စု (ပထမ)နှင့် အုပ်စု (ဒုတိယ)ရရှိသောအသင်းများကိုနေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ အကြိုဗိုလ်လုပွဲများယှဉ်ပြိုင်ကစားကြခဲ့ကြပါသည်။
၂၀-၁၁-၂၀၁၇ ရက်နေ့တွင် ကျင်းပသောပထမအကြိုဗိုလ်လုပွဲ၌ ဒီဂရီကောလိပ်၊ ရန်ကုန်(က)အသင်းမှ ဒီဂရီကောလိပ်၊ ရန်ကုန် (ခ)အသင်းအားသုံးဂိုး - တစ်ဂိုးဖြင့်လည်းကောင်း၊ ၂၁-၁၁-၂၀၁၇ ရက်နေ့တွင်ကျင်းပသောဒုတိယအကြိုဗိုလ်လုပွဲတွင် ဖွံ့ဖြိုးရေးတက္ကသိုလ်၊စစ်ကိုင်း(က)အသင်းနှင့် ဒီဂရီကောလိပ်၊ စစ်ကိုင်း (က)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာဖွံ့ဖြိုးရေးတက္ကသိုလ်၊စစ်ကိုင်း (က)အသင်းမှ ခြောက်ဂိုး - လေးဂိုးဖြင့်လည်းကောင်းအနိုင်ရ၍ ဗိုလ်လုပွဲသို့ တက်ရောက်သွားပါသည်။
၂၃-၁၁-၂၀၁၇ ရက်နေ့ ညနေ ၃နာရီတွင် ဖွံ့ဖြိုးရေးတက္ကသိုလ် အားကစားကွင်း၌ တတိယဗိုလ်လုပွဲစဉ်အဖြစ်ဒီဂရီကောလိပ်၊ ရန်ကုန် (ခ)အသင်းနှင့် ဒီဂရီကောလိပ်၊ စစ်ကိုင်း (က)အသင်းတို့လည်းကောင်း၊ ၂၄-၁၁-၂၀၁၇ ရက်နေ့ညနေ ၃ နာရီတွင် ဗိုလ်လုပွဲစဉ်အဖြစ်ဒီဂရီကောလိပ်၊ရန်ကုန်(က)အသင်းနှင့် ဖွံ့ဖြိုးရေးတက္ကသိုလ်၊စစ်ကိုင်း(က)အသင်းတို့လည်းကောင်းယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။