ဖလမ်း နိုဝင်ဘာ ၁၃
ဖလမ်းမြို့ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး အဆောက်အအုံ၊ လျှပ်စစ်ဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲတစ်ထပ် ရာနှုန်းပြည့်ပြုပြင်ပြီးစီးပြီး ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်နေမှုများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယနေ့သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြုပြင်ပြီးစီးသည့် အဆောက်အအုံရှိ ဆယ်တင်ပစ္စည်းများ စနစ်တကျ ထားရှိအခြေအနေနှင့် အဆောက်အအုံပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ ပြုပြင်ပြီးစီးသည့် ဌာနဆိုင်ရာအိမ်ရာများတွင် ဝန်ထမ်းမိသားစုများ နေထိုင်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေး၊ ရေရရှိရေးကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေဓာတ်အားခွဲရုံ အဆောက်အအုံရာနှုန်းပြည့် ပြင်ဆင်ပြီးစီးမှုနှင့် စက်ပစ္စည်းများထိန်းသိမ်းထားရှိမှု၊ ဖလမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံရာနှုန်းပြည့် ပြုပြင်ပြီးစီးမှုအခြေအနေနှင့်ရုံးလုပ်ငန်းများဆောင်ရွက်ရန် နေရာချပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ဆယ်တင်ပစ္စည်းများစနစ်တကျထားရှိရန်၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖလမ်းခရိုင် တိုင်းရင်းဆေးကုဌာန ၃ ခန်းတွဲ ဝန်ထမ်းအိမ်ရာပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးကာပစ္စည်းအရည်အသွေး၊ အဆောက်အအုံ အရည်အသွေးကောင်းမွန်စေရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် ဆယ်တင်ပစ္စည်းများ အလေအလွင့်မရှိအောင်ဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းမိသားစုများနေထိုင်နိုင်ရေး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလျန်ထန်း၊ ပြည်နယ်ဥပဒေချုပ် ဦးကပ်တလွဲ တို့နှင့်အတူ ဖလမ်းမြို့ ဟရန်ထီးယိုး ဘောလုံးကွင်းတွင်ကျင်းပသည့် (၇၈)ကြိမ်မြောက် ချင်းရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။