(၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အား ရိုးရာ အစဉ်အလာနှင့်အညီ မနောအက စုပေါင်းဆင်နွှဲ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ ဖွင့်လှစ်ပေး

မြစ်ကြီးနား  ဇန်နဝါရီ  ၉
        ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ဌာနေတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ခြင်းကို ဖော်ထုတ်ပြသသည့် မနောအကဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
   ဖွင့်ပွဲအခမ်းအနားသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဒေါက်တာမှုထန်၊ ဦးရွှေကြိမ်းတို့နှင့် အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးးမောင်မောင်အုန်း၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးဉာဏ်ထွန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ဒေါက်တာ သက်သက်ခိုင်၊ Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအက အဖွဲ့များက  ရိုးရာသံစုံတီးဝိုင်း၊  ဧည့်ကြိုသီချင်း၊ ဧည့်ကြိုအကတို့ဖြင့် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
   ဦးစွာ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားနှင့် မနောပွဲတော်အား ရိုးရာ အစဉ်အလာနှင့်အညီ    ကျင်းပနိုင်ရေး ကက်သလစ်အသင်းတော်မှ ဖာသာတန်ဂျီးက ကျမ်းစာပိုဒ် ဖတ်ကြားဆုတောင်းခြင်း၊ သိက္ခာတော်ရဆရာ   ဦးGဇုန်းချန်းက ဆုတောင်း ဆက်ကပ် အပ်နှံခြင်း၊ သီတာနှစ်ခြင်းအသင်းတော် သိက္ခာတော်ရဆရာ ဦးမဒိန်ဇုန်းကျန်းက ကောင်းချီးပေး ဆုတောင်းခြင်းများ ဆောင်ရွက်ကြပြီး ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲနှင့် မနောပွဲအား စတင်ကြောင်း ကြေညာကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့က  မနောပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
   ယင်းနောက်   ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊  ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ် အတွင်းရှိ   ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များ၊ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ၊ ပညာရေးကောလိပ်၊   သူနာပြုသင်တန်း ကျောင်းများမှ သင်တန်းသား/သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများက မနောအက ဦးဆောင်သူ နောင်ရှောင်(Nau Shawng))များ၏ ဦးဆောင်မှုနှင့်အတူ ရိုးရာအစဉ်အလာ နှင့်အညီ မနောကွင်းအတွင်း မနောအကကို တပျော်တပါး စုပေါင်းဆင်နွှဲသည်။
   ထို့နောက်   ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့ဝင်များသည် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ဌာနဆိုင်ရာပြခန်းများနှင့် ဟင်းသီးဟင်းရွက်နှင့် ဒေသထွက်ကုန်ပစ္စည်း ပြခန်းများကို စိတ်ဝင်တစား လှည့်လည်ကြည့်ရှု အားပေးကြသည်။
   မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ကောင်စီဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်   ပြည်နယ်အစိုးရအဖွဲ့ဝင် များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း တည်ဆောက်လျက်ရှိသည့် ဗလမင်းထင် အမှတ်(၂)တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏  ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက် မှာကြားသည်။
   ထိုမှတစ်ဆင့်   မြစ်ကြီးနားမြို့ ခရိုင်အားကစားနှင့် ကာယပညာဦးးစီးဌာန၊ အားကစားကွင်း အတွင်းရှိ ငြိမ်းချမ်းသာယာ ရေကူးကန်သို့ သွားရောက်ပြီး အခြေခံရေကူးနည်း သရုပ်ပြခြင်းနှင့် အသက်အရွယ်အလိုက် ရေကူးနည်း (၄)မျိုးဖြင့် ရေကူးပြိုင်ပွဲများ ကျင်းပနေမှုကို ကြည့်ရှုအားပေးကာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဆုရရေကူး အားကစားသမားများကို  ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
   ယင်းနောက် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်ပြီး ယဉ်ကျေးမှုပြတိုက်အတွင်း ဌာနေတိုင်းရင်းသားတို့၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ၊   လူမှုအသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ၊ တူရိယာပစ္စည်းများ စသည့် ရှေးဟောင်းအမွေ အနှစ်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လည်းကောင်း၊    ရမ်ပူရပ်ကွက်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းဖြစ်သည့် ဂျိန်းဖော့သူ ရက်ကန်းရုံ၌ ကချင်ရိုးရာ အဝတ်အထည်များကို စက်ရက်ကန်း၊ လက်ရက်ကန်းစင်များဖြင့်  ရက်လုပ်နေမှုများကို လည်းကောင်း၊ မြို့သစ်ကြီးရပ်ကွက်အတွင်း    MSME လုပ်ငန်းတစ်ခုဖြစ်သည့် တစ်နေရာထဲတွင် ဝန်ဆောင်မှု အပြည့်အဝပေးနိုင်သည့် Safe & Sure Auto Service Centre ၌ ခေတ်မီစက်ပစ္စည်းများဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှု အားပေးကြသည်။
   ထို့အတူ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒေါက်တာမှုထန်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးဉာဏ်ထွန်း၊ Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးးဇော်အေးမောင်တို့သည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘက်စုံဒေါင့်စုံမှ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ပွဲသို့ တက်ရောက်ကြသည်။
   ဆက်လက်၍ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုများကို ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးဉာဏ်ထွန်း၊ Jeng Phangနော်တောင်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ဒုတိယအဆင့်) ဆုရ ၂၂ ဦးကို ဆုများပေးအပ် ချီးမြှင့်ကြသည်။
   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်  ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ဒုတိယအဆင့်)ဆုရရှိသူ ၁၆ ဦးနှင့် အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများမှ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲဆုရရှိသူများနှင့် စီမံခန့်ရေးဆိုင်ရာ ထူးချွန်ဆု(တတိယအဆင့်)ဆုရသူ ခုနစ်ဦးတို့ကို ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ကြသည်။
   ထို့နောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်ဘောလုံးကွင်းအတွင်း (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ကျင်းပသည့်   လက်ဝှေ့ပြိုင်ပွဲ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒို၊ ကရားတေးဒို၊ အမျိုးသား/အမျိုးသမီး ဂိုးလတ်ဘောလုံးပြိုင်ပွဲ၊  Fitness Dance ပြိုင်ပွဲများကို ကြည့်ရှုအား ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
 

Post Paragraph