
နေပြည်တော် ဇူလိုင် ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နယ်စပ်ရေးရာဝန်ကြီးဌာနတွင် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး အဖွဲ့(Corruption Prevention Unit-CPU)ကို ဒုတိယဝန်ကြီး ဦးဆောင်၍ လုပ်ငန်းတာဝန်(၃)ရပ်နှင့် လုပ်ငန်းအစီအစဉ်(၆)ရပ်တို့ကို အခြားသော ဝန်ကြီးဌာနများနည်းတူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံနှင့်ပြည်သူတို့အတွက် စေတနာထားပြီး ရိုးသား၊ ကြိုးစား၊ သစ္စာ ရှိသည့် ဝန်ထမ်းကောင်းများအဖြစ်၊ အဂတိကင်းရှင်းစွာ ကျရာကဏ္ဍမှ ပါဝင်ထမ်းဆောင်ပြီး ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာနှင့် စွမ်းရည်ကို ဆက်လက်မြှင့်တင်ပေးကြစေရန် မှာကြား လိုကြောင်း၊ ဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ဝင်များအနေဖြင့် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းတာဝန်များနှင့် လုပ်ငန်း အစီအစဉ်များကို စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေး အရေးယူမှု တစ်ခုတည်းဖြင့် ဆောင်ရွက်မည် ဆိုပါက လုံလောက်မှု မရှိနိုင်သည့်အတွက် အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များကိုပါ အရှိန်မြှင့်တင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း၊ အဂတိလိုက်စားမှု ဆိုသည်မှာ လာဘ်ပေး လာဘ်ယူမှုထက် ပိုမိုကျယ်ပြန့်ကြောင်း၊ ဂတိတရားလေးပါးကို ဆန့်ကျင်ဆောင်ရွက်ပါက အဂတိ လိုက်စားမှု ဖြစ်ပေါ်နိုင်ပြီး နိုင်ငံတော် အကျိုးစီးပွားထိခိုက်ခြင်း၊ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက်ခြင်း စသည့် သက်ရောက်မှုများ ရှိနိုင်ကြောင်း၊ အဂတိလိုက်စားမှုကို ဆန့်ကျင်တိုက်ဖျက်ရာတွင် ကျင့်ဝတ်လိုက်နာမှုသည် အရေးကြီးကြောင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ မိမိကိုယ်ကို ကောင်းအောင် ကျင့်ကြံခြင်းဖြင့် မိမိ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ကြရန်နှင့် အများပြည်သူအပေါ် အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ရိုးသား၊ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်ချက် Video Clip ကို ပြသခဲ့သည်။
ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ အသိပညာပေးရေး နှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲ ညွှန်ကြားရေးမှူးက အဂတိလိုက်စားမှု၏ သဘော သဘာဝ များ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ နှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ တားဆီးကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူးက အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စုံစမ်းစစ်ဆေးရေးဌာနခွဲ ညွှန်ကြားရေးမှူးက စုံစမ်းစစ်ဆေးရေး ကဏ္ဍတို့ကို ရှင်းလင်း ဆွေးနွေးကြကြောင်း သိရသည်။