အိန္ဒိယသမ္မတနိုင်ငံ မှ ထောက်ပံ့သောဘေလီတံတားသံဘောင်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တမူးမြို့တွင်ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၃၀
     အိန္ဒိယသမ္မတနိုင်ငံမှ ထောက်ပံ့သောဘေလီတံတားသံဘောင်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိနယ်မြေခံတပ်ရင်း အစည်းအဝေးခန်းမတွင်ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ ရန်ကုန်မြို့ရှိအိန္ဒိယသမ္မတနိုင်ငံသံရုံးမှ  Deputy Chief of Mission ဖြစ်သူ Mr. B. Shyamနှင့်စစ်သံမှူး Col Naveen Mahajan ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  တမူး ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များတက်ရောက်ကြပါသည်။
     အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်က ကျေးဇူးတင်စကားပြောကြားပြီး အိန္ဒိယသမ္မတနိုင်ငံသံရုံးမှ  Deputy Chief of Mission ဖြစ်သူ Mr. B. Shyam က ဘေလီတံတားသံဘောင်များထောက်ပံ့ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးထွန်းမြင့်က တံတားတည်ဆောက်ရေးလုပ်ငန်း အစီအမံများအား ရှင်းလင်းတင်ပြပြီးနောက် အိန္ဒိယသမ္မတနိုင်ငံသံရုံးမှ  Deputy Chief of Mission ဖြစ်သူ Mr. B. Shyam က ဘေလီတံတားသံဘောင်များနှင့် စပ်လျဉ်းသည့် အထောက်အထား စာရွက်စာတမ်းများကို ဒုတိယဗိုလ်မှူးကြီးထွန်းမြင့်ထံ လွှဲပြောင်းပေးအပ် ခဲ့ပါသည်။
     စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း လဟယ်-ဒုံဟီး-နန်းယွန်းလမ်းပိုင်းတွင် ဆောင်ရွက်ခဲ့သည့် တံတား (၉) စင်းအတွက် လိုအပ်သောဘေလီ သံဘောင် (၁၅၉၀) ပေအနက် အိန္ဒိယတပ်မတော်မှ မြန်မာနိုင်ငံ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးသို့ ယခင်နှစ်များက (၉၁၀) ပေ ထောက်ပံ့ခဲ့ရာ တံတား (၆) စင်းဆောက်လုပ်ပြီးစီးခဲ့ပါသည်။
ယခုအခါကျန်ရှိသည့် တံတား (၃) စင်းအတွက် ဘေလီသံဘောင် (၆၈၀) ပေ၊ ပစ္စည်းတန်ချိန် တန် (၃၀၀) ကိုအိန္ဒိယတပ်မတော်မှ ထပ်မံလွှဲပြောင်းပေးအပ်ခြင်း ဖြစ်ပါသည်။ ဘေလီတံတားသံဘောင် တန် (၃၀၀) ကို တမူးမြို့မှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း လုပ်ငန်းခွင်အရောက် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ဆက်လက်ပို့ဆောင် တပ်ဆင်သွားမည်ဖြစ်ပြီး အဆိုပါတံတားများ ပြီးစီးပါက ခန္တီး-လဟယ်-ဒုံဟီး-နန်းယွန်း-ပန်ဆောင်မြို့များသို့ ရာသီမရွေးသွားလာ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။