အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ ကိုယ်စားလှယ်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေး

     အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
   တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) နာယက ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဥက္ကဋ္ဌစောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)မှ ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စောကျော် သန်းဌေး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမောင်မောင်၊ မွန်ပြည်သစ်ပါတီ (NMSP)မှ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်တို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
   တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကား ပြောကြား ရာတွင် (၇၉) နှစ်မြောက် တပ်မတော်နေ့အခမ်း အနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိန့်ကြားခဲ့သည့် NCA နှင့် စပ်လျဉ်းသည့် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များအား ထပ်ဆင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ၆ ရပ်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
   ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်နိုင်ရေးကိစ္စများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အား ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြား သည်။
   ထို့နောက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စများနှင့်ပတ်သက်၍ လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် INGO အဖွဲ့တို့အကြား အကောင်အထည်ဖော်ဆောင်ရွက်မည့် “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်လိုအပ်သောအကူအညီများပေးအပ်နိုင်ရေးစီမံကိန်း”  လျာထားဆောင်ရွက် နိုင်မည့် အခြေအနေများကိုလည်းကောင်း အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြသည်။
   ဆက်လက်၍ တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
   မွန်းလွဲပိုင်းတွင် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံပွဲကို ဆက်လက်ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၃ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
   ထိုသို့တွေ့ဆုံရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကား ပြောကြားခဲ့ ပြီးပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း နိုင်ငံရေးပါတီများနှင့်တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပြဋ္ဌာန်းချက်များအပေါ် နိုင်ငံရေးပါတီများ၏ သဘောထားများဆွေးနွေးရန်ကိစ္စ၊ ညှိနှိုင်းရေး ကော်မတီနှင့်ဆက်လက် တွေ့ဆုံဆွေးနွေးမည့် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့်အလုပ်အဖွဲ့တို့ ဖွဲ့စည်းနိုင်ရေး ကိစ္စများအား ရှင်းလင်းပြောကြားသည်။
   ထို့နောက် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်ရန်သင့်သည့် အချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ညှိနှိုင်းရေးကော်မတီ၏ Vision နှင့် Mission များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး မှုအခြေအနေများနှင့် NCA ၏ မဟာ ဗျူဟာ ၃ ရပ်နှင့်အညီ ဆောင်ရွက်မှုအခြေ အနေများကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
   ယင်းနောက် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များ အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
   ဆက်လက်၍ တက်ရောက်လာသည့် နိုင်ငံရေးပါတီများကိုယ်စား ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးအေးလွင်က ကျေးဇူးတင် စကားပြောကြား ပြီး ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က နိဂုံးချုပ် ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Post Paragraph
video-upload