
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် နားအော်ကြီး-မန်စပ်-ပန်ယောင်-မန်အီ ကျေးရွာချင်းဆက်လမ်းတွင် ဒေသခံပြည်သူများ ရာသီမရွေးသွားလာအသုံးပြုနိုင်စေရန် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ၇၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။
မန်တုံမြို့နယ် နားအော်ကြီး-မန်စပ်-ပန်ယောင်-မန်အီ ကျေးရွာချင်းဆက်လမ်း အရှည် ၁၆ မိုင်အနက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အရှည် ၁ မိုင် ၄ ဖာလုံ ကျောက်ချောလမ်းခင်းခြင်းနှင့် အဆိုပါလမ်းပေါ်တွင် Box Culvert ငါးစင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေကျပ် ၂၃၈ ဒသမ ၂၆၉ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက နယ်စပ်ဒေသရှိ တောင်ပေါ်ဒေသ ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ရာသီမရွေးသွားလာအသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။

