ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆက်လက် ကြည့်ရှုစစ်ဆေး

စက်တင်ဘာလ ၁၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၂  (၆) လ ဘဏ္ဍာရေးကာလတွင် ကျိုင်းတုံမြို့ သောက်သုံးရေဖူလုံရေးအတွက်  အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော  ၈ လက်မ ဂျီအိုင်ပိုက် ၃.၂၆ မိုင် သွယ်တန်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး တာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများအား ရေရှည်ခိုင်ခံ့စေရေးအလေးထားဆောင်ရွက်သွားရန်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် ဆက်လက် ဆောင်ရွက်သွားမည့် ၆ လက်မနှင့် ၈ လက်မ ဂျီအိုင်ပိုက်များ သွယ်တန်းခြင်း၊ ရေစစ်ကန်၊ ရေစုကန် တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း အရည်အသွေး ကောင်းမွန်စွာဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။  
    ဆက်လက်၍ ကျိုင်းတုံ-တောင်ကြီး လမ်းခွဲမှ ပန်မတ်ကျေးရွာအဝင်လမ်း ၁၃ မိုင်အနက် ၃ မိုင် ကျောက်လမ်း ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြမှုနှင့် စပ်လျဉ်း၍ လမ်း ရေရှည်ကောင်းမွန်စေရေးအတွက် လိုအပ်သည်များမှာကြားခဲ့ပါသည်။ 
    ထို့နောက် မိုင်းပျဉ်းမြို့ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုကျောင်းသို့ ရောက်ရှိပြီး ဆရာတော်အား ဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်း၍ ၎င်းကျောင်းတိုက်ရှိ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသော ဒေသခံတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ အတွက် ၁၀၀ x ၃၀ ပေ နှစ်ထပ် အိပ်ဆောင် ၁ လုံး နှင့် ၈ ခန်းတွဲ သန့်စင်ခန်း  ဆောက်လုပ်ခြင်းလုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ဆက်လက်၍ မိုင်းပျဉ်း-မိုင်းဆတ်လမ်းပေါ်တွင်တည်ဆောက်ထားသော  စွန်တောင်းချောင်းကူး ၉၀ ပေ ဘေလီတံတား ရေတိုက်စားခြင်းကြောင့် ကမ်းကပ်ခုံနှင့် ရေလည်တိုင်ပျက်စီးမှုအား ပြန်လည် ပြုပြင်ခြင်းနှင့် ခံနိုင်ဝန်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ ၎င်းနောက် မိုင်းပျဉ်းမြို့နယ်၊ ဟိုခိုကျေးရွာတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် နမ့်ပိန်းချောင်းမှ ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေးလုပ်ငန်းဖြင့် သီးထပ် သီးညှပ်များ တိုးချဲ့ စိုက်ပျိုးနိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံ တောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
    ၎င်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကွန်ဟိန်းမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ သင်တန်းသူများအား အမှာစကား ပြောကြား၍ ထောက်ပံ့ငွေများပေးအပ်ကာ သင်တန်းကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊  ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နမ့်စန်မြို့နယ်၊ ဟိုင်းနား ကျေးရွာအုပ်စု၊ နောင်ငင်းကျေးရွာတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် နမ့်လတ်ချောင်းမှ ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်းအား  သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒေသခံ တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ သီးထပ် သီးညှပ် စဉ်ဆက်မပြတ် တိုးချဲ့စိုက်ပျိုး၍ ဝင်ငွေတိုးတက်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားကာ တောင်သူများအတွက် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် လွိုင်လင်မြို့ရှိ သာသနာ့ဗိမာန် ဆရာတော်အား သွားရောက်ဖူးမြော်ခဲ့ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ကျောင်းဝန်းအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သည့် မုခ်ဦး၊ ဆွမ်းချက်ဆောင်၊ သန့်စင်ခန်း၊ အုတ်တံတိုင်းကာရံခြင်း၊ အတွင်းပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် သာသနာ့ဗိမာန် အပေါ်ထပ် မျက်နှာကျက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ပင်လုံမြို့ရှိ မူလမင်းကွန်း ဇေတဝန် သာသနာ့မာန်အောင် ကမ္မဋ္ဌာန်းကျောင်းတိုက် အဝင်လမ်း ၁၃၂၁ ပေ ကတ္တရာခင်းခြင်း လုပ်ငန်းအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ၎င်းနောက် စွန်းလွန်း ဝိပဿနာ ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်အား ဖူးမြော်၍ အဆိုပါကျောင်းတိုက်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တည်ဆောက်လျက် ရှိသည့်  ၆၀ × ၃၇ ပေ RC နှစ်ထပ် ကျောင်းဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးကာ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သော ကိစ္စများအား  စီမံဆောင်ရွက်ပေးခဲ့ပါသည်။
    ဆက်လက်၍ ပင်လုံမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ အမှာစကားပြောကြား၍ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ ကျောင်းဝန်းအတွင်း လိုက်လံစစ်ဆေး၍ ကျောင်းသား၊ ကျောင်းသူများ တိုးချဲ့လက်ခံနိုင်ရေးအတွက် လိုအပ်သော အဆောက်အဦများ ဆောက်လုပ်နိုင်ရေး မှာကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်းပွန်မြို့အနီး ပွန်ချောင်းမှ ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့်နေရာအား  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ရင်းရင်းနှီးနှီး‌တွေ့ဆုံဆွေးနွေးကာ ရေပေးဝေနိုင်မည့် စိုက်ပျိုးဧကများအား ကြည့်ရှု စစ်ဆေးကာ ဒေသခံများ၏ ရေအားသုံး ရေတင်ဘီး စနစ်ကို အသုံးပြု၍ စိုက်ပျိုးရေတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လေ့လာကြည့်ရှုခဲ့ပြီး တိုးချဲ့ဆောင်ရွက်နိုင်ရေး ဖြည့်ဆည်း မှာကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ ထပ်အိမ်ဂူပရဟိတကျောင်းတိုက်သို့ ရောက်ရှိခဲ့ပြီး ဆရာတော်အား ဖူးမြော်၍ ဆွမ်းဆန်တော်၊ ဆီများ ဆက်ကပ်လှူဒါန်း၍ အဆိုပါ ကျောင်းတိုက်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်၊ ကျောင်းဝတ်စုံများ လှူဒါန်းထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် ကျောင်းတိုက်အတွင်း ၁၀၀ × ၃၀ ပေ  RC နှစ်ထပ် အိပ်ဆောင် ဆောက်လုပ်နေမှုနှင့် ၈ ခန်းတွဲ သန့်စင်ခန်း ဆောက်လုပ်နေမှုတို့အား လိုက်လံ ကြည့်ရှုစစ်ဆေးကာ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်သော ကိစ္စရပ်များအား စီမံ ဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းနောက် ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာ့ဆိုင်းဝိုင်း တီးခတ် ဖျော်ဖြေမှုအား ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေ များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် ၂၀၂၁-၂၀၂၂ (၆) လ ဘဏ္ဍာရေးကာလတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း လုပ်ငန်း ၆၃ ခု အတွက် ခွင့်ပြုရန်ပုံငွေ  ၅၉၄၁.၃၆၀ သန်းဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း လုပ်ငန်း ၇၂ ခု အတွက် ခွင့်ပြုရန်ပုံငွေ  ၅၉၁၉.၉၈၆ သန်းဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း လုပ်ငန်း  ၇၂ ခု အတွက် ခွင့်ပြုရန်ပုံငွေ  ၇၄၈၇.၃၁၆ သန်းဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း လုပ်ငန်း ၈၁ ခု အတွက် ခွင့်ပြုရန်ပုံငွေ ၉၄၂၅.၁၆၀ သန်းဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိပါသည်။
 

video-upload