
စစ်တွေ မေ ၂၆
မူလမြိုင်ကြီးငူ ဆရာတော်ကြီးအားရည်စူး၍ ဒုတိယမြိုင်ကြီးငူ ဆရာတော်ဘဒ္ဒန္တဉာဏိက အမှူးပြုသော ကရင်ပြည်နယ်နယ်ခြားစောင့်တပ်မိသားစုနှင့် မြိုင်ကြီးငူအထူးဒေသမိသားစုများက ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက်အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ လာရောက် လှူဒါန်းကြသည်။
လှူဒါန်းပွဲသို့ဒုတိယ မြိုင်ကြီးငူဆရာတော်မဟာမင်္ဂလ ဓမ္မဇောတိကဓဇဘဒ္ဒန္တဉာဏိကနှင့် အောင်စေဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ အရှင်ပဝရသိဒ္ဓိတို့ ကြွရောက်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်မိသားစုနှင့် မြိုင်ကြီးငူအထူးဒေသမိသားစုများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်နယ်ခြားစောင့် တပ်မိသားစုနှင့်မြိုင်ကြီးငူ အထူးဒေသမိသားစု များကိုယ်စား တာဝန်ရှိသူများကအလှူငွေစုစုပေါင်း ငွေကျပ်သိန်း ၁၅၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့က ဆရာတော်များထံ နဝကမ္မအလှူ ငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဒုတိယမြိုင်ကြီးငူဆရာတော်ကဩဝါဒစကားမြွက်ကြားပြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကျေးဇူးတင်စကားပြန်လည်လျှောက်ထား သည်။
ဆက်လက်၍ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့သည် ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNRCD)မှ ယာယီ ညှိနှိုင်းရေးမှူး နှင့်အဖွဲ့အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဆိုင်ကလုံးမုန်တိုင်းမိုခါတိုက်ခတ်ခဲ့မှုနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ၏ကူညီထောက်ပံ့ရေး အစီအစဉ်များ အပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့်သဘာဝဘေးပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
ရှင်းလင်းတင်ပြ
အစည်းအဝေးတွင်ကော်မတီအလိုက် တာဝန်ရှိသူများက သဘာဝဘေး ပြန်လည်ထူထောင်ရေး နှင့်စပ်လျဉ်းပြီး ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံ များကို ရှင်းလင်းတင်ပြကြရာ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကလိုအပ်သည် များကိုမှာကြား၍ လုပ်ငန်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ပြည်သူလူထုအားကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိရာ ယနေ့အထိမြို့နယ်အသီးသီးရှိ ပြည်သူ့ ဆေးရုံများ၌ ပြင်ပလူနာ ၄၈၇၆ ဦး၊ အတွင်းလူနာ ၉၀၁၆ ဦးနှင့် ပြင်ပလူနာဌာနများတွင် ပြသသည့်လူနာ ၁၉၉၃၄ ဦးအား ကုသ စောင့်ရှောက်မှုပေးခဲ့သည့်အပြင် ရေသန့်ဆေးခတ်ခြင်း ၂၁၂၃ ကြိမ် နှင့် ကျန်းမာရေးပညာပေး ခြင်း ၁၆၉၄ ကြိမ် ဆောင်ရွက်ခဲ့သည်။
ထို့ပြင် အရေးပေါ်တုံ့ပြန်ရေး အဖွဲ့နှင့် အထူးကုဆေးအဖွဲ့များဖြင့်ကွင်းဆင်း၍ ကုသမှုပေးခဲ့သည့် လူနာအရေအတွက်မှာ သက္ကယ်ပြင်၌ ၅၈ ဦး၊ မင်းပြား မြို့နယ်၌ ၅၅၆ ဦး၊ ကျောက်တော်မြို့နယ်၌ ၄၇၃ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၇၅ ဦး၊ ပေါက်တော မြို့နယ်၌ ၂၇၂ ဦး၊ မာန်အောင်မြို့နယ်၌ ၈၄၈ ဦး၊ ဘူးသီးတောင်မြို့နယ်၌ ၁၉၀ နှင့် မောင်တော မြို့နယ်၌ ၅၃၃ ဦး စုစုပေါင်း ၃၂၀၅ ဦးရှိသည်။
သာသနိက အဆောက်အဦများနှင့် ပတ်သက်၍လည်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ပေါ်ရှိဘုန်းတော်ကြီး ကျောင်းတိုက်များနှင့် သီလရှင် ကျောင်းများအနက် ပထမအသုတ်အဖြစ် ကျောင်း ၁၀၀ အတွက် ရခိုင်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကခွဲဝေပေးသည့် သွပ်အချပ်ရေ ၈၅၂၅ ချပ်၊ သွပ်မိုးသံ ၂၂၅ ပိဿာ တို့ကို မေ ၂၅ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းတိုက်များသို့ လှူဒါန်း ပေးအပ်ခဲ့ပြီး ယနေ့တွင်လည်း ဘုန်းတော်ကြီးကျောင်း ၇၂ ကျောင်းအတွက်လိုအပ်သည့် သစ်ခွဲသား ၅၁ တန်ကို ထပ်မံ လှူဒါန်းခဲ့ကာ သွပ်၊ သွပ်မိုးသံနှင့် သစ်များ ထပ်မံရောက်ရှိမှုအပေါ်မူတည်၍ စဉ်ဆက်မပြတ်လှူဒါန်းထောက်ပံ့သွားမည် ဖြစ်သည်။
အဆင်ပြေစွာ အသုံးပြု
ထို့ပြင် ပြည်သူများ၏ ဖုန်းများ၊ အားသွင်းလျှပ်စစ်မီးများနှင့် အခြားအားသွင်းလျှပ်စစ်ပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် Charging Point နေရာများကိုကားကြီးဝင်းအနီးကျော်ဇံဆီဆိုင် အရှေ့၊ မီးစက်ကြီးအဝိုင်း၊ လေယာဉ်ကွင်းလမ်းဆုံ၊ လောကာနန္ဒာဘုရားကြီးအရှေ့၊ အစိုးရအဖွဲ့ရုံးရှေ့၊ ယဉ်ကျေးမှုပြတိုက်၊ ဘီလူးမတံတားထိပ်နှင့်မြို့နယ် အခွန်ရုံးရှေ့တို့တွင်စီစဉ်ဆောင်ရွက်ပေးထားရာ ပြည်သူများ အဆင်ပြေစွာလာရောက်အသုံးပြု လျက်ရှိကြောင်းသတင်းရရှိသည်။
သတင်းစဉ်



