ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဟူသော အမည်သည် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရန် ဟူသော တက္ကသိုလ်၏ အဓိကရည်မှန်းချက်ကို ဖော်ညွှန်း လျက်ရှိပါသည်။ မြန်မာဟူသည် အချင်းချင်းနားလည်မှု၊ ချစ်ကြည် လေးစားမှုတို့ဖြင့် အတူယှဉ်တွဲနေထိုင်လျက် ရှိကြသည့် တိုင်းရင်းသားလူမျိုးနွယ်စု တစ်ရာကျော်ကို တစ်စည်းတစ်ရုံးတည်း ပေါင်းစည်းခေါ်ဝေါ်ထားခြင်း ဖြစ်ပါသည်။ နိုင်ငံတော်၏ စစ်မှန်သော အင်အားသည် နိုင်ငံအတွင်းမှာသာရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှု စွမ်းအားအပေါ် အဓိက တည်မှီနေသည်ဟူသော ယုံကြည်ချက်ဖြင့် တက္ကသိုလ်၏ ဆောင်ပုဒ်ကို “စည်းလုံးခြင်းသည်အင်အား” ဟု သတ်မှတ်ခံယူထားပါသည်။
