နေပြည်တော်၊ အောက်တိုဘာလ ၃၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ ပူးပေါင်း၍ နယ်စပ် ရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်၊ ဗဟုသုတ၊ အတွေ့အကြုံများ တိုးတက်လာစေရန် ရည်ရွယ်၍ WFP မှ ပို့ချပေးသည့် GIS နှင့် GPS စနစ်တို့ကို အသုံးပြု၍ ကြိုးမဲ့တယ်လီဖုန်းဖြင့် Baseline Data အချက်အလက်များ ကောက်ယူ ခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၁၀) နာရီ အချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်က အမှာစကား ပြောကြားရာတွင် "သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးတဲ့ သင်ခန်းစာ တွေကနေ ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေ၊ စီမံကိန်းရေးဆွဲမှု၊ ဆန်းစစ်အကဲဖြတ်မှု၊ သုံးသပ်လေ့လာမှု စတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါကြောင်း၊ ခေတ်စနစ်နဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ သင်တန်းဖြစ်သလို ဌာနအတွက်လည်း များစွာအထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊ ပို့ချပေးလိုက်တဲ့ ဘာသာရပ်တွေကို ကြိုးစားလေ့လာ ဆည်းပူးသင်ကြားပြီး အပြန်အလှန် ပြန်လည်လေ့ကျင့်သွားခြင်းဖြင့် မိမိတို့ ဝန်ကြီးဌာနအတွက်၊ နိုင်ငံတော်အတွက် အကျိုးရှိစွာ အသုံးချနိုင်အောင် ဆောင်ရွက်သွားကြရန်" မှာကြားခဲ့ပါသည်။
အဆိုပါ သင်တန်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ နယ်စပ်ဒေသနှင့်တိုင်း ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်း (၃၀) ဦး တက်ရောက်လျက်ရှိပြီး WFP မှ ကျွမ်းကျင်ပညာရှင်များက သင်ကြားပေးလျက်ရှိပါကြောင်း သတင်းရရှိသည်။