အောက်တိုဘာ ၂၇
ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ကောင်လွင်-မိုင်းနောင် ကျေးရွာချင်းဆက် ကျောက်ချောလမ်းနှင့် Pipe Culvertများ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ အောက်တိုဘာ ၂၈ ရက်နေ့တွင် သိရသည်။
မံစီမြို့နယ်၊ကောင်လွင်ကျေးရွာအုပ်စု၊ ကောင်လွင်-မိုင်းနောင် ကျေးရွာချင်းဆက်လမ်း (၁/၄) မိုင် ကျောက်ချောလမ်းခြင်းနှင့် Pipe Culvert (၃) စင်းတို့အား ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေကျပ် (၁၉၈ ဒသမ ၈၀၅) သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လမ်းကောင်းမွန်သွားပြီ ဖြစ်သည့်အတွက် ကောင်လွင်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၃၄၆) စု လူဦးရေ (၁၆၄၇) ဦးတို့သည် ရာသီမရွေးသွားလာနိုင်ပြီး စားဝတ်နေရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပြီဖြစ်သည်။
အဆိုပါလမ်းပြီးစီးမှုအား မံစီမြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကိုကို၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုကို တို့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။