
နေပြည်တော် မေ ၂၁
ကျန်းမာရေး ဝန်ကြီးဌာနသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဘေးအန္တရာယ်ကျရောက်သည့်ဒေသ များတွင် မေ ၁၅ ရက်မှစတင်၍ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက် ပေးလျက်ရှိရာကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ နယ်လှည့်အထူးကုဆေးအဖွဲ့များ၊ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များနှင့်ဆေးအဖွဲ့များက မြို့နယ်အဆင့်မှ ကျေးလက်ဒေသအထိ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်
ကုသရေးဦးဆောင်ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောစစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သည့်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် မုန်တိုင်းသင့် ပြည်သူများကိုကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ပုဏ္ဏားကျွန်းမြို့သို့ သွားရောက်သည်။ ယင်းနယ်လှည့်အထူးကုဆေးအဖွဲ့တွင် ဆေးကုသမှုပါရဂူတစ်ဦး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီးတစ်ဦး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတစ်ဦး၊ ကလေးအထူးကုဆရာဝန်ကြီးတစ်ဦး၊ မျက်စိအထူးကု ဆရာဝန်ကြီးတစ်ဦး၊ အရိုးအထူးကုဆရာဝန် ကြီးတစ်ဦး၊ မေ့ဆေးအထူးကုဆရာဝန်ကြီးတစ်ဦး၊ လက်ထောက်ဆရာဝန်တစ်ဦးတို့ ပါဝင်ပြီး တိုင်းရင်း ဆေးသမားတော်များလည်း ပါဝင်ကာ ပုဏ္ဏားကျွန်း မြို့ (မြို့မပရဟိတ) ဘုန်းတော်ကြီးကျောင်းတွင် အခြေပြုကာ ဒေသခံပြည်သူ ၃၂၂ ဦးအားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဆေးကုသပေးနေမှုများကို ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့လာရောက် ကြည့်ရှုအားပေးသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်
အလားတူဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံမှခွဲစိတ်ဆရာဝန် ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ဘူးသီးတောင်မြို့နယ် တပ်ရာကျေးရွာသို့သွားရောက်၍ ဒေသခံပြည်သူ ၄၇ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်
ထို့အတူ မောင်တောမြို့ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ခြောက်ဦးပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင်မောင်တောမြို့နယ် အင်းဒင်၊ ကျောက်ပန်ဒူနှင့် အောင်သုခရွာများသို့ သွားရောက်၍ ဒေသခံပြည်သူများကိုကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်းတိုက်နယ်
အလားတူမကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှကြီးကြပ်ပံ့ပိုးလျက် ဆေးတက္ကသိုလ် - မကွေးပါမောက္ခချုပ်နှင့် မကွေးမြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးတို့ ဦးဆောင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည်ယနေ့တွင် စလင်းမြို့နယ် ဆင်ဖြူကျွန်းတိုက်နယ်ရှိ မြို့မ အ.မ.က ကျောင်းနှင့်ကညှပ်ကျေးရွာတို့၌ အခြေပြု၍ လည်းကောင်း၊ အခြေခံကျန်းမာရေး တက္ကသိုလ်-မကွေးပါမောက္ခချုပ်နှင့်မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဦးဆောင်သည့် အထူးကုဆေးအဖွဲ့သည် စလင်းမြို့နယ်ရှိ သရက်ချဉ်ကျေးရွာ၌ အခြေပြု၍လည်းကောင်း ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ခဲ့ရာ မြို့မ အ.မ.က ကျောင်း၌ဒေသခံပြည်သူ ၄၈၉ ဦး၊ ကညှပ်ကျေးရွာ၌ ဒေသခံပြည်သူ ၁၂၉ ဦး၊ သရက်ချဉ်ကျေးရွာ၌ ၂၃၉ ဦး စုစုပေါင်း ၈၅၇ ဦးကိုကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်
အလားတူ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ညောင်ဦးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးတို့ ဦးဆောင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင်ညောင်ဦးမြို့နယ် အမှတ်(၇)ဝက်ကြီးအင်းရပ်ကွက် နဂါးကျစ်ဘိုးဘွားရိပ်သာတွင်အခြေပြု၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူ ၁၃၁ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ဆက်လက်၍ အထူးကုဆရာဝန်ကြီးများပါဝင်သည့်နယ်လှည့် အထူးကုဆေးအဖွဲ့များ၊ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များနှင့် ဆေးအဖွဲ့များသည် ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဘေးအန္တရာယ် ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်ရှိအခြားမြို့နယ်များနှင့် မုန်တိုင်းဒဏ်ကြာင့် ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် ဒေသများသို့ နယ်လှည့်ဆေးကုသမှုများ သွားရောက် ဆောင်ရွက်မည်ဖြစ်သည်။
ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ်ကြောင့်ရေစိုပျက်စီးခဲ့သည့် ကာကွယ်ဆေးထားသိုသည့် ရေခဲသေတ္တာများကိုရန်ကုန်မြို့မှ အင်ဂျင်နီယာများ ချက်ချင်းစေလွှတ်၍ ပြင်ဆင်မှုများဆောင်ရွက်ခြင်း၊ ပြည်နယ်ဆေးသိုလှောင်ခန်းတွင် ထားရှိသော ကာကွယ်ဆေးများ အအေးလမ်းကြောင်း မပျက်စေ ရန် ထိန်းသိမ်းခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မေ၂၀ ရက်တွင် ပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီး၍ ကာကွယ်ဆေးများ ပျက်စီးဆုံးရှုံးခြင်းမရှိဘဲလိုအပ် သောနေရာများသို့ ကာကွယ်ဆေးများ ပြန်လည် ဖြန့်ဝေရန် အသင့်ဖြစ်နေကြောင်း သိရသည်။
သတင်းစဉ်