မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ၏ ဒုတိယအကြိမ် အထောက်အပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄.၉၄၈၅) သန်း ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

နေပြည်တော် နိုဝင်ဘာ ၂၆
    မြန်မာ-အိန္ဒိယချစ်ကြည်ရေး စီမံကိန်းအရ ဒုတိယအကြိမ် အိန္ဒိယအထောက်အပံ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄.၉၄၈၅) သန်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀:၀၀) နာရီ အချိန်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ အိန္ဒိယသမ္မတ နိုင်ငံကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vikram Misri နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
    ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍  အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးက ထောက်ပံ့ပေးမှု အခြေအနေများနှင့် ရှေ့ဆက်လက်ထောက်ပံ့သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
    ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ဒုတိယအကြိမ် အထောက်အပံ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄.၉၄၈၅) သန်း ချက်လက်မှတ်အား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ထံ ပေးအပ်ခဲ့ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အိန္ဒိယသမ္မတနိုင်ငံတို့ ပူးပေါင်း၍  မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး စီမံကိန်းအရ နှစ်နိုင်ငံ နယ်နိမိတ်ထိစပ်နေသည့် နယ်စပ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  နားလည်မှု စာချွန်လွှာကို (၂၈-၅-၂၀၁၂) ရက်နေ့တွင်  ရေးထိုးခဲ့ပြီး တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ (၅)သန်းဖြင့် (၅)ကြိမ်အတွက် အမေရိကန် ဒေါ်လာ(၂၅)သန်းဖြင့် ဆောင်ရွက်လျှက်ရှိသည်။
    ပထမအကြိမ် အိန္ဒိယအထောက်အပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ(၅)သန်းဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသများဖြစ်သည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ လမ်း/တံတား လုပ်ငန်း(၈)ခု၊ ပညာရေးကျောင်း(၂၁)ကျောင်း၊ ကျန်းမာရေးလုပ်ငန်း (၁၇)ခု၊ စုစုပေါင်း စီမံကိန်း လုပ်ငန်း(၄၆)ခုကို ၂၀၁၅ ခုနှစ်တွင်း လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးခဲ့သည်။
    ဒုတိယအကြိမ် အိန္ဒိယ အထောက်အပံ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄.၉၄၈၅) သန်း ဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ လမ်း/တံတားလုပ်ငန်း(၂၀)ခု၊ ပညာရေးကျောင်း(၁၁)ကျောင်း စုစုပေါင်း စီမံကိန်းလုပ်ငန်း(၃၁)ခုကို ၂၀၁၈ ခုနှစ်တွင် လုပ်ငန်း အားလုံး ပြီးစီးခဲ့သည်။
    ဆက်လက်၍ တတိယအကြိမ် အိန္ဒိယ အထောက်အပံ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ    (၅)သန်းဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ လမ်း/တံတားလုပ်ငန်း (၂၃)ခု၊ ပညာရေးကျောင်း (၁၁)ကျောင်း၊ ကျန်မာရေးလုပ်ငန်း(၁)ခု၊ စုစုပေါင်း စီမံကိန်း လုပ်ငန်း (၃၅)ခုကို  ၂၀၁၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ စီမံကိန်းလုပ်ငန်း (၇၅%) ကျော် ဆောင်ရွက်ပြီးစီးခဲ့ပြီး စတုတ္တအကြိမ် အထောက်အပံ့လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး စီစဉ်လျှက်ရှိကြောင်း သတင်းရရှိသည်။