
နေပြည်တော် ၂၀၁၇ ခုနှစ်၊ မတ်လ ၂၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ကြီးမှူးကျင်းပသည့် မြန်မာဒုက္ခသည်များ နေရပ်ပြန်လာရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲအား ယနေ့နံနက် (၈) နာရီခွဲ တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် (Grand Ballroom) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာဒုက္ခသည်များ နေရပ်ပြောင်းရွှေ့သူများ အတွက် နေရပ်ပြန်လာရေးနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးလုပ်ငန်းစဉ်မှာ သိမ်မွေ့သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့ကိုလုံခြုံမှုရှိစွာနှင့် ဂုဏ်သိက္ခာ ရှိစွာ နေရပ်ပြန်ခြင်းမျိုးဖြစ်စေရန် ကူညီဆောင်ရွက်ပေး ရမှာဖြစ်ပါကြောင်း၊ ဒီလိုဆောင်ရွက်ပေးရာ မှာလည်း တိုင်းရင်းသားအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်း များ၊ ၎င်းတို့ကိုလက်ခံမည့် လူထုပတ်ဝန်းကျင်များ၊ ဒုက္ခသည်များနှင့် ပတ်သတ်သည့် ကိစ္စရပ်တွေကို ကုလသမဂ္ဂကနေ တာဝန်ပေးအပ်ထားသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့်အတူတကွ လက်တွဲဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ လျင်မြန်စွာဖြစ်ပေါ် တိုးတက်လာတဲ့အတွက် မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသားအချို့မှာ နေရပ်သို့ပြန်ရန် စီစဉ်နေကြတာကိုလည်း သိရှိရပြီးဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပြုလုပ်ခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲများတွင် တွေ့ရှိချက်များအား UNHCR က သုံးသပ်တင်ပြရန်၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ပထမအကြို နေရပ်ပြန်လာသည့် သူများအတွက် ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများအားပြန်လည် သုံးသပ်ရန်နှင့် ကူညီပံ့ပိုးပေးမည့် လုပ်ငန်းများ အားဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သော နည်းလမ်းများအား ရှာဖွေဖော်ထုတ်နိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာသူများအား နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် (၂၅၀) သန်းဖြင့် တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ပေးခြင်း၊ အိမ်မိုးသွပ်များနှင့် အပ်ချုပ်စက်များအား ထောက်ပံ့ပေးခဲ့ခြင်း၊ ယခုအခါမြန်မာဒုက္ခသည်များ နှင့် ပြည်တွင်းနေရပ်စွန့်ခွာ နေထိုင်သူများ မိမိတို့ဆန္ဒအလျောက် နေရပ်ပြန်လာနိုင်ရေး၊ အကူအညီ ပေးရေးစီမံကိန်းအား ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အမေရိကန်ဒေါ်လာ (၁၇.၄) သန်းဖြင့် စီမံကိန်းသက်တမ်း (၃) နှစ်ဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာတမ်း ထပ်မံရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာဒုက္ခသည်များ နေရပ်ပြန်လာရေးနှင့် ပတ်သက်ပြီး လုပ်ငန်းများနှင့် ဆက်စပ်နေသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ UN အဖွဲ့အစည်းများ၊ INGOs များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများအား ဖိတ်ကြားပြီး ယခုဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဒုက္ခသည်များ နေရပ်ပြန်လာနိုင်ရေး လုပ်ငန်းများနဲ့ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေး လုပ်ငန်းများအား ပံ့ပိုးနိုင်မည့် လုပ်ငန်းစီမံချက်တစ်ရပ် ရေးဆွဲသွားနိုင်ဖို့ ဝိုင်းဝန်ဆွေးနွေး ပေးကြရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ UNHCR ဌာနေကိုယ်စားလှယ် Mr.Giuseppe De Vincentiis မှ နေရပ်ပြန်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာများအား ဆွေးနွေးတင်ပြသည်။
ထို့နောက် UNHCR ၏ မြန်မာဒုက္ခသည်များ နေရပ်ပြန်လာရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေး နှင့်စပ်လျဉ်း၍ အနာဂတ်တွင် နေရပ်ပြန်လာမည့် သူများအတွက် နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကို မည်ကဲ့သို့ ဆောင်ရွက်ပေးသွားနိုင်မည့်အစီအမံများ၊ အခြားသော နယ်စပ်ဖြတ်ကျော်နေရာများကို နေရပ်ပြန်ခြင်းများအတွက် အနာဂတ်တွင် အသုံးပြုနိုင်မည့် အခြေအနေများ၊ ယာယီလက်ခံကြိုဆိုသည့် နေရာများတွင် နောက်နောင် နေရပ်ပြန်ခြင်းများအတွက် ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ပံ့ပိုးမှုများနှင့် နေရပ်ပြန်လာသူများ အတွက် အနာဂတ်တွင် ကူညီထောက်ပံ့ပေးသွားမည့် အခြေအနေများ၊ နေရပ်ပြန်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်း နေထိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ပြည်နယ်/တိုင်းဒေသကြီးအလိုက် ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။
အဆိုပါ အလုပ်ရုံးဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့များမှ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ ဝန်ကြီးဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်/တိုင်းဒေသကြီးများမှ ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးများနှင့် အစိုးရအဖွဲ့များမှ ညွှန်ကြားရေးမှူးများ၊ UNHCR မှ ဌာနေကိုယ်စားလှယ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။