မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ တိုင်းရင်းသားများအား ကူညီထောက်ပံ့ပေးရေး ဘက်စုံဒေသန္တရဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရေးလုပ်ငန်း စီမံကိန်းဆိုင်ရာဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊    ဇန်နဝါရီလ ၃၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ တိုင်းရင်းသားများအား ကူညီထောက်ပံ့ပေးရေး ဘက်စုံဒေသန္တရ ဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရေးလုပ်ငန်း စီမံကိန်းဆိုင်ရာဆွေးနွေးပွဲအား ယမန်နေ့ နံနက် (၉:၃၀)အချိန်တွင် နေပြည်တော်၊ အမရာဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
    အစည်းအဝေးတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ဖုန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဂျပန်နိုင်ငံ၊ JICA(ရုံးချုပ်)မှ Mr. Mikio ISHIWATARI မှ ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးရေးဆောင်ရွက်ခဲ့မှု အတွေ့အကြုံများအား လည်းကောင်း၊  JICA Consultant Team Leader ဖြစ်သူ Dr.Tsuyoshi HASHIMOTO မှ ဘက်စုံဒေသန္တရ ဖွံ့ဖြိုးမှုရေးဆွဲရေး လုပ်ငန်းစီမံကိန်းဆိုင်ရာ နည်းစနစ်များ စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
    ထို့နောက် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး စီမံကိန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျင်ဌေးမှ လည်းကောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစန်းဝေမှလည်းကောင်း၊ ဖွံ့ဖြိုးမှုစီမံကိန်းရေးဆွဲရေးအစီရင်ခံစာ နှင့် ကရင်ပြည်နယ်၏ ဖွံ့ဖြိုးမှု စီမံကိန်းများ ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်မှု အခြေအနေများအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းရီမှလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
    ဆက်လက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကိုယ်စားလှယ်များ မှ အထွေထွေဆွေးနွေးခဲ့ကြပြီး ဂျပန်ပညာရှင်များမှ  ဖွံ့ဖြိုးမှုအစီရင်ခံစာအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကာ  အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။
    အဆိုပါအစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦး၊ မွန်ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ဖုန်းနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

Post Paragraph