နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူးများအား တွေ့ဆုံအမှာစကားပြောကြား၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အောင်နိုင်သူ အုန်းဆန်ကြိုး ထုတ်လုပ်မှုလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား မြို့နယ်ခန်းမတွင် တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမောင်းဟာ၊ စောဒန် နီရယ်၊ ဒေါက်တာဗညားအောင်မိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကိုကိုးကျွန်းမြို့ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမင်းက ကိုကိုးကျွန်းမြို့သမိုင်းကြောင်းနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ဒေသဆိုင်ရာ အခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများနှင့် ပါတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဦးတည်ချက်(၉)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သိရှိလို၍ဖြစ်ကြောင်း မြို့နယ်လူထုနှင့် နိုင်ငံဝန်ထမ်းများ၏ လိုအပ်ချက်နှင့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကို တစ်ပါတည်း ခေါ်ဆောင်လာခဲ့ကြောင်း၊ ကိုကိုးကျွန်းသည် ရန်ကုန်မှ မိုင်(၂၀၀)ကျော်၊ ဟိုင်းကြီးကျွန်းမှ မိုင်(၁၀၀)ကျော် ခန့်အကွာ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် ဆုံချက်နေရာတွင်ရှိပြီး နိုင်ငံ၏ အနောက်တောင်အစွန် ဆုံးတွင် တည်ရှိပါကြောင်း၊ နိုင်ငံအတွက် ပထဝီအနေအထားအရ၊ လုံခြုံရေးအရ အရေးပါသော ကျွန်းပေါင်း ၁၂ ကျွန်းနှင့်ဖွဲ့စည်းထားသည့် ကျွန်းကြီးတစ်ကျွန်းဖြစ်ကြောင်း၊ ကိုကိုးကျွန်းတွင် နေထိုင် သူများအနေဖြင့်လည်း ကျွန်း၏တန်ဖိုးကို သိရှိနားလည်ထားရန်လိုကြောင်း၊ အလားတူ ကိုကိုးကျွန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသည် ရေခြားမြေခြားလျက် တည်နေရာအရ နိုင်ငံ၏ ရှေ့တန်းအကျဆုံးနေရာတွင် သည်းခံစိတ်ရှည်စွာဖြင့် တာဝန်ထမ်းဆောင် နေကြသူများဖြစ်၍ အသိအ မှတ်ပြု အားပေးပါကြောင်း။

နိုင်ငံတော်ဝန်ကြီးချုပ် ချမှတ်ထားသော တိုင်းပြည်သာယာဝပြောရေး စားရေရိက္ခာဖူလုံရေး မူဝါဒကို အကောင်အထည်ဖော်နိုင်ရန် တစ်ဦးချင်းဝင်ငွေ ရရှိနိုင်သော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်လည်း နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို တာဝန်ပေး၍ SME လုပ်ငန်းအဖြစ် အုန်းဆံကြိုး စက်ရုံနှင့် အုန်းနှင့်ဆက်စပ်သည့် လူသုံးကုန်ထုတ်ပစ္စည်း လက်မှု လုပ်ငန်းများ လုပ်ဆောင်ရန် သင်တန်းပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူသုံးကုန်ပစ္စည်း လက်မှုလုပ်ငန်းအတွက် သင်တန်းပေးရာတွင် ပြောင်းလဲလာသော လူနေမှုစနစ်အရ ခေတ်နှင့်လျော်ညီ၍ အမှန်တကယ်သုံးစွဲသည့် ပစ္စည်းထုတ်လုပ်နိုင်ရန် သင်တန်းပို့ချရန်လိုကြောင်း၊ သို့မှသာ ဈေးကွက် ရရှိပြီး ဝင်ငွေရရှိမည်ဖြစ်ကြောင်း အသုံးမတည့်ပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် လုပ်အားနှင့်အရင်းအနှီး ဆုံးရှုံးခြင်းသာ အဖတ်တင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေသမှထွက်ရှိသည့် ထုတ်ကုန်များကို ဈေးကွက် ရရှိအောင်လည်း မြို့နယ်မှတဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြကာ စီမံဖန်တီးပေးရန်လိုကြောင်း၊ အလားတူ ဒေသ၏ အားသာချက်ဖြစ်သော အုန်းသီးကြွယ်ဝစွာထွက်ရှိမှုကို အခြေခံ၍ နည်းပညာဖြင့် လူသုံးကုန်သစ်များ ထုတ်လုပ်နိုင်ရေး နည်းလမ်းရှာကျန် ဆောင်ရွက်ရန် လိုကြောင်း။

 ပညာရေး နှင့်ပတ်သက်၍ တိုးတက်လာသော IT ခေတ်တွင် ကျေးလက် နှင့်မြို့ပြသင် ယူနိုင်သည့် အခြေအနေမှာ များစွာကွာခြားမှုမရှိဘဲ ဆရာ၊ ဆရာမများ၏ စေတနာ၊ ဝါသနာ၊ အနစ်နာစသည့် နာသုံးနာဖြင့် သင်ကြားပေးမှု၊ ကျောင်းသား /ကျောင်းသူ များ၏ တက်မြောက်လိုမှု၊ မိဘနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့၏ အားပေးဆောင်ရွက်မှုဖြင့် အောင်ချက်မြင့်မားလာမည် ဖြစ်ကြောင်း၊ ကျောင်းသား /ကျောင်း သူများစိတ်လက် အေးချမ်းတက်ကြွစွာ ကျောင်းတက်နိုင်ရေး ကျောင်းတွင်း/ ကျောင်းပြင် သန့်ရှင်းရေးဆောင်ရွက်၍ ဥပတိရုပ်ကောင်းမွန်အောင် ဝိုင်းဝန်းပြင်ဆင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၁၂ ခုနှစ်မှ စတင်၍ အခြေအဆောက်အဦ လိုအပ်ချက်များ စတင်ဖြည့်ဆည်းလာခဲ့ကြောင်း၊ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရေးအတွက် နှစ်ပါတ်တစ်ကြိမ် တပ်မတော်လေယာဉ် ဖြင့်လည်းကောင်း၊ တစ်လတစ်ကြိမ် တပ်မတော်ရေယာဉ်များဖြင့်လည်းကောင်း၊ သယ်ယူပို့ဆောင်ပေး လျက်ရှိကြောင်း၊ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်း၍ ဝိုင်းဝန်းလုပ်ဆောင်သွား ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က ဒေသဖွံဖြိုးရေးအတွက် ထောက်ပံ့ငွေများကို လည်းကောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က စားသောက်ဖွယ်ရာများကို လည်းကောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ကိုကိုးကျွန်းမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် ဒေသခံပြည်သူများကို လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ အခြေအနေများအား မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ဆေးရုံရှိ ဆေးသိုလှောင်ခန်း၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်းအပါအဝင်ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဆေးရုံတွင်တာဝန်ထမ်း ဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ကျန်းမာရေးသည် အရေးအကြီးဆုံးဖြစ်၍ ရောဂါရှာဖွေကုသမှု အတွက် လိုအပ်သော ဆေးဝါးနှင့် ပစ္စည်းကိရိယာများ လုံလောက်စွာထားရှိရမည်အခြေအနေ၊ ဖြည့်ဆည်းပေးထားသည့် လက်သုံးကိရိယာများကို ရေရှည်သုံးစွဲနိုင်ရန် စနစ်တကျ ကိုင်တွယ် ထိန်းသိမ်းရမည့်အခြေအနေ၊ ရောဂါရှာဖွေကုသမှုအပြင် ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေး အသိပညာပေးရန် လိုအပ် သည့်အခြေအနေ၊ ဆေးရုံ၏ လိုအပ်သော အုပ်ချုပ်မှုကိစ္စများအတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြို့နေပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်သော အခြေအနေစသည်ဖြင့် လိုအပ်သည်များ မှာကြားပြီး ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းက ဖွင့်လှစ်သင်ကြားပေးနေသည့် စားသောက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း သို့သွားရောက်၍သင်တန်းသား/ သင်တန်းသူများအား သင်ကြားပို့ချနေမှုကို ကြည့်ရှုပြီး သင်တန်းသား/ သင်တန်းသူများနှင့် တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားပြီး လက်ဆောင်ပစ္စည်များ ပေးအပ်သည်။ ထို့နောက် အဆိုပါ စာသင်ကျောင်းအတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကျောင်းအုပ်ဆရာမ ကြီးအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် အောင်နိုင်သူ အုန်းဆန်ကြိုးထုတ်လုပ်မှု လုပ်ငန်းသို့ သွားရောက်ကြည့်ရှုကြပြီး သိရှိလိုသည်များမေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

video-upload