နေပြည်တော် မေ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်းဟာ၊ စောဒန်နီရယ်၊ ဒေါက်တာဗညားအောင်မိုး၊ တနင်္သာရီ တိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ တောင်ဒဂုံ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်း သွားရောက် ကြည့်ရှုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး စီမံကိန်းသို့ ရောက်ရှိကြပြီး ခင်းကျင်းပြထားသည့် ဆီအုန်းများ ကြိတ်ခွဲထားရှိမှုအဆင့်ဆင့်အား ကြည့်ရှုကြသည်။
ထို့နောက် ရိပ်သာဧည့်ခန်းမဆောင်၌ စက်ရုံစီမံကိန်းဒါရိုက်တာ ဦးမောင်မောင်လတ်က စက်ရုံစီမံကိန်း၊ လျာထားချက်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဆီအုန်းစိုက်ပျိုး ထုတ်လုပ်နေမှု စသည်တို့အား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ မေးမြန်းပြီး ဆီအုန်းစိုက်ပျိုးရာတွင် မျိုးရွေးချယ်မှု၌ မျိုးကွဲများစွာ အသုံးပြုခြင်းထက် အရည်အသွေး မြင့်မားသော မျိုးသန့်ကိုသာရွေးချယ် ဆောင်ရွက်သင့်သည့် အခြေအနေများ၊ မျိုးရွေးချယ်မှုတွင် ဒေသရေ၊ မြေနှင့်ကိုက်ညီမှုတို့ကို ဦးစားပေးရွေးချယ်သင့်သည့် အခြေအနေများ၊ စိုက်ပျိုးမှု မြင့်မားလာသည်နှင့်အမျှ SME အဆင့် တစ်နိုင်တစ်ပိုင် ဆီအုန်း စက်ရုံငယ်များ ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဒေသဖွံ့ဖြိုးမှု တိုးတက်လာမည့် အခြေအနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးကို ဆီအုန်းစိုက်ပျိုး၍ နိုင်ငံတော်၏ ဆီအိုးကြီးဖြစ်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဒေသတွင်း ဆီချောထုတ်လုပ်နိုင်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှု ရှိနိုင်မည်ဖြစ်၍ လိုအပ်သော အခြေခံအဆောက်အဦများ ဆောက်ရွက်နိုင်မည့် အခြေအနေများ အား ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တောင်ဒဂုံ ဆီအုန်း ဆီကြမ်း စက်ရုံအတွင်း ဆီသီးအလေးချိန် ချိန်တွယ်ခြင်း၊ ဆီသီးအရည်အသွေး စစ်ဆေးခြင်း၊ ဆီသီးပေါင်းခံခြင်း၊ ဆီသီးကြိတ်ခွဲခြင်း၊ ဆီကြမ်း(C.P.O) ထုတ်လုပ်ခြင်း စသည့် ဆီကြမ်းထုပ်လုပ်ပုံ အဆင့်ဆင့်တို့အား လိုက်လံကြည့်ရှုရာ စက်ရုံစီမံကိန်း ဒါရိုက်တာက လိုက်လံရှင်းလင်းပြသသည်။
အဆိုပါ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး စီမံကိန်းသည် ၁၉၉၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှစ၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ချနိုင်ရေး၊ ဒေသတွင်း၌ အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးနိုင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေပဲ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးစနစ် ထူထောင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် အကောင်ထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ခမောက်ကြီးမြို့ရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများအား တပ်နယ်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြသည့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ဘုတ်ပြင်းနှင့် ကျွန်းစုမြို့နယ်တို့ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်း ဖြည့်ဆည်းမှုများ ဆောင်ရွက်ခဲ့ပြီး ဒုတိယဝန်ကြီးများ အနေဖြင့်လည်း ၎င်းတို့ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဌာနအသီးသီးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။