နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်မြို့နယ်များတွင် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ကြမည့် တပ်မတော်အရာရှိကြီးများ အားတွေ့ဆုံမှာကြား

စစ်တွေ မေ ၁၉
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရခိုင်ပြည်နယ် အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများကို မြို့နယ်အလိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌ဝိုင်းဝန်း ကြီးကြပ်ကူညီဆောင်ရွက်ကြမည့် တပ်မတော်အရာရှိကြီးများအား ယနေ့ မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဧည့်ရိပ်သာ၌ တွေ့ဆုံ၍ လိုအပ် သည်များ မှာကြားသည်။
    တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။
    တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက တပ်မတော်အရာရှိကြီးများအနေဖြင့် တာဝန်ကျရာမြို့နယ်များသို့ ရောက်ရှိပါက မုန်တိုင်းဒဏ်ကြောင့်  ပျက်စီးမှုများအား ဦးစားပေးရှင်းလင်းပြီး လျှပ်စစ် မီးရရှိရေး၊ ဆက်သွယ်မှုကောင်းမွန်ရေး၊ သောက်ရေသန့်ရရှိရေး၊ အခြေခံပညာကျောင်းများကို ကျောင်းဖွင့်ချိန်အမီ ပြုပြင်ပေးနိုင်ရေး၊ ဆေးရုံများ၊ ဘုန်းတော်ကြီးကျောင်းများကို ဦးစားပေးပြုပြင် နိုင်ရေး၊  နိုင်ငံတော်မှ ပေးပို့နေသည့်ရိက္ခာ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊  ဆောက်လုပ်ရေးပစ္စည်းများကို မုန်တိုင်း ဒဏ်ခံခဲ့ရသော ပြည်သူများထံသို့ စနစ်တကျနှင့် မြန်မြန်ဆန်ဆန် ဖြန့်ဝေထောက်ပံ့ရေး၊ စာရင်း ဇယားများ မှန်ကန်မှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ပေးရန်နှင့် အခြားအရေးတကြီး ဆောင်ရွက် ပေးရန် များရှိပါကလည်း  အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်မှာကြားသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့ကမြို့နယ်အလိုက်ကြီးကြပ်ဆောင်ရွက်ကြမည့်  တပ်မတော်အရာရှိကြီးများ အနေဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ် ညှိနှိုင်းကာ ပြန်လည်ထူထောင်ရေး၊ စားရေရိက္ခာ ထောက်ပံ့ရေးများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ဖြည့်စွက်မှာကြားသည်။
    အဆိုပါ မြို့နယ်အလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ဝိုင်းဝန်းကြီးကြပ် ကူညီဆောင်ရွက်ကြမည့် တပ်မတော်အရာရှိကြီးများအား မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ်များ ဖြင့် တာဝန်ကျရာမြို့နယ်များသို့စတင်ပို့ဆောင်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။
 

video-upload