
မေလ ၂၁ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးမြေဧရိယာအတွင်း၌ ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုများအား ဝန်ကြီးဌာန အင်ဂျင်နီယာအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ယာယီ ဘာရှာ အဆောက်အဦများသို့ ပြောင်းရွှေ့နေရာချထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယာယီ ဘာရှာ အဆောက်အဦများတွင် နေထိုင်သည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ သောက်ရေသန့်ရရှိရေးအတွက် ရေသန့်စက်နှင့် ကျောက်စိမ်းအိမ်ရာ ယာယီ ဘာရှာ အဆောက်အဦအသစ်တို့အား အမွှေးနံ့သာများ ပက်ဖြန်း ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပြောင်းရွှေ့နေထိုင်မှုကို ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ယာယီအဆောက်အဦများတွင် နေထိုင်ကြသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအနေဖြင့် ရေ၊ မီး၊ မိလ္လာများကို စည်းကမ်းရှိရှိ သုံးစွဲကြရန်၊ စွန့်ပစ်ပစ္စည်းများအား သတ်မှတ်နေရာများ၌ စနစ်တကျစွန့်ပစ်ကြရန်၊ မိုးရာသီကျရောက်လာပြီဖြစ်သည့်အတွက် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် နေထိုင်စားသောက်မှုများကို ကျန်းမာရေး အသိ၊ သတိဖြင့် အထူးအလေးထားပြုမူနေထိုင်ကြရန်၊ ယာယီအဆောက်အဦအတွင်း ထုတ်ပြန်ထားရှိသည့် စည်းကမ်းချက်များနှင့်အညီ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ရိုင်းပင်းကူညီ နေထိုင်သွားကြရန်၊ ယာယီ အဆောက်အဦ ဧရိယာအတွင်း ရေမဝပ်စေရေးအတွက် ဆောင်ရွက်ထားရှိသည့် ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေး နှင့် သန့်ရှင်းသပ်ရပ်သာယာလှပရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်ချက်ရှိသည်များကို မေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယာယီအဆောက်အဦများအတွင်း ဝန်ထမ်းမိသားစုများ၏ ပြောင်းရွှေ့နေထိုင်စားသောက်နေမှု၊ လျှပ်စစ်မီးတပ်ဆင်ထားရှိမှု၊ ရေချိုးခန်း၊ အိမ်သာများ စနစ်တကျဆောင်ရွက်ထားရှိမှု၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် အမှိုက်ကန်များ ဆောင်ရွက်ထားရှိမှုနှင့် ယာယီအဆောက်အဦများ အပြီးသတ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
