
မေလ ၂၃ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၂၁) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီ ကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အထူးဖိတ်ကြားထား သော ဧည့်သည်တော်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ အလုပ် ခန့်အပ်လွှာပေးအပ်မည့် ဝန်ကြီးဌာန ၆ ခုမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြပါ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် လက်ရှိအချိန်ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း မဟာဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်များချမှတ်၍ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) တွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ “ဒီဂရီကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအား မိမိဒေသအုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် MSME လုပ်ငန်းများတွင် ဦးဆောင် ပါဝင်ဆောင်ရွက်စေရန်” ဟူသော လမ်းညွှန်မှာကြားချက်နှင့်အညီ သင်တန်းဆင်း မောင်တို့မယ်တို့ ကို သက်ဆိုင်ရာဝန်ကြီးဌာန ၆ ခုဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတွင် တာဝန်ပေးခန့်အပ်သွားမည် ဖြစ်ပါကြောင်း။
နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသားလူမျိုးများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ ပိုမိုရရှိလာပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုများ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသည့် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပြီး အရေးကြီးသည့် အခန်းကဏ္ဏတစ်ခုဖြစ်ပါကြောင်း။
ထို့ကြောင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံဝန်ထမ်းကောင်းများအဖြစ် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) တို့ကို တည်ထောင်ဖွင့်လှစ် ပြုစုပျိုးထောင်လေ့ကျင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ကို စတင်ဖွင့်လှစ်သည့် အချိန်မှ ယနေ့အချိန်ထိ ဝိဇ္ဇာဘွဲ့ ၆၈၅ ဦး၊ သိပ္ပံဘွဲ့ ၁၄၆၇ ဦး၊ A.G.T.I ဒီပလိုမာ ၁၀၁၄ ဦး စုစုပေါင်း ၃၁၆၆ ဦး ပြုစု ပျိုးထောင် မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အားပေးထောက်ပံ့ လေ့ကျင့်သင်ကြားပေးမှု၊ ကျောင်းသား၊ ကျောင်းသူများ၏ စဉ်ဆက်မပြတ် ကြိုးစား လေ့လာမှုများကြောင့် ယခုအခါ မဟာဝိဇ္ဇာဘွဲ့ ၇၁ ဦး၊ မဟာ သိပ္ပံဘွဲ့ ၁၄၆ ဦး၊ M.Res ဘွဲ့ ၅၅ ဦး၊ Ph.D ဘွဲ့ ၁၅ ဦး၊ B.E ဘွဲ့ ၃၀၁ ဦး၊ M.E ဘွဲ့ ၁၅ ဦး၊ B.Tech ၄၅၂ ဦး၊ အသီးသီး အောင်မြင်မှုရရှိခဲ့သဖြင့် အားရကျေနပ်ဖွယ်ဖြစ်ပါကြောင်းနှင့် ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတုယူကြိုးစား အားထုတ်သွားကြရန် အထူးမှာကြားလိုကြောင်း၊ မိမိတို့ လေ့လာတတ်မြောက်ထားသည့် အင်ဂျင်နီယာပညာရပ်များကို အခြေခံပြီး လက်တွေ့ မြေပြင်မှာကြုံတွေ့ရမည့် အခြေအနေများနှင့် ပေါင်းစပ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတာဝန်များကို အမှားအနည်းဆုံးဖြင့် အောင်မြင်အောင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ “ရှေ့သို့လှမ်းချီပန်းတိုင်ဆီ (Keep Moving Forward To Achieve Our Goal)’’ ဆိုသည့် ဆောင်ပုဒ်အတိုင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာ၌ တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ဆုပ်ကိုင်ပြီး နယ်စပ်ဒေသမှ တိုင်းရင်းသားလူမျိုးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးဆောင်လမ်းပြနိုင်မည့် ခေါင်းဆောင်ကောင်းများ၊ နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် သားကောင်း သမီးမွန်များဖြစ်အောင် ကျင့်ကြံနေထိုင်လုပ်ကိုင် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အင်ဂျင်နီယာ ဘာသာရပ်ထူးချွန်ဆုရရှိသူ ကျောင်းသူတစ်ဦးအား ထူးချွန်ဆုပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းဆင်းဂုဏ်ပြု ညစာစားပွဲအတွက် ချီးမြှင့်ငွေအား ပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီးမှ လက်ခံရယူခဲ့ပါသည်။ ယင်းနောက် ဝန်ကြီးဌာန ၆ ခုတို့မှ ကိုယ်စားလှယ်များက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၁၀၆ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ခဲ့ပါ သည်။ ယင်းနောက် ထူးချွန်ဆုရ ကျောင်းသူနှင့် ၎င်းတို့၏ မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအားပေး စကားပြောကြားခဲ့ပြီး ချီးမြှင့်ငွေ ပေးအပ်ခဲ့ကာ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေး အစီအစဉ်များကို ကြည့်ရှု အားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

