ဒီဇင်ဘာလ ၁၅ ရက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေအတတ်ပညာများကို ကြိုးစားလေ့လာသင်ယူသွားကြရန်၊ အတတ်ပညာများအပြင် ပြင်ပဗဟုသုတများကို လေ့လာဆည်းပူး၍ အမှန်နှင့်အမှား ဝေဖန်ပိုင်းခြားနိုင်သော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကျင့်ကြံ နေထိုင်သွားကြရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများနှင့် နည်းပြများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အတွေးအခေါ် အသိအမြင်နှင့် အယူအဆကောင်းများ သိရှိနားလည်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံ၍ နောင်တစ်ချိန်တွင် မိမိနိုင်ငံ၊ မိမိဒေသ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းရတနာများ၊ သမီးကောင်းရတနာများဖြစ်အောင် လေ့လာသင်ကြား ပျိုးထောင်သွားကြရမည် ဖြစ်ပါကြောင်း မှာကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားသည်။
ယင်းနောက် ကျောင်းရှိ စာသင်ဆောင်၊ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်၊ ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် ရာသီသီးနှံ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေဆုံအမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။