နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့်ဇနီး ဒေါ်စုစုလွင် ကချင်ပြည်နယ် နောင်မွန်းမြို့နယ်ရှိ ရပ်ဘော့တံတား(နောင်မွန်း) ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပူတာအို ဇန်နဝါရီ ၁၃
    ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့်ဇနီးဒေါ်စုစုလွင်တို့သည် ယနေ့နံနက်ပိုင်းတွင် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်အနီး ကဆန်ခချောင်းပေါ်ရှိ ရပ်ဘော့တံတား(နောင်မွန်း) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အားပေးသည်။
     အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးဝင်းခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးခန်းလင်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
     ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က တံတားတည်ဆောက်မှု ဆိုင်ရာ အချက်အလက်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် ကချင်ပြည်နယ် အတွင်း ပြည်ထောင်စု ရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေ၊ လွှတ်တော် ကတိကဝတ်များ၊ BOT များဖြင့် လမ်း/တံတားများ တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ် အတွင်းရှိ လမ်း (၆၀)တွင် လမ်းမိုင် (၂၃၈၃) မိုင် (၆)ဖာလုံ ဖောက်လုပ် ထိန်းသိမ်း ထားပြီး ပေ(၁၈၀)နှင့်အထက် တံတားကြီး (၄၉)စင်း တည်ဆောက်ပေး ထားပြီးဖြစ်ပါကြောင်း။
ယနေ့ ဖွင့်လှစ်လိုက်သည့် ရပ်ဘော့တံတား(နောင်မွန်း)သည် မချမ်းဘော့- ဖရုခ- နောင်မွန်း လမ်းပိုင်းတွင်ရှိပြီး ပေ(၅၀၀) အရှည် သံကူကွန်ကရစ် ကိုယ်ထည်နှင့် အပေါ်ထည်သုံးလွှာတစ်ထပ် ဘေလီပေါ်တွင် သံံမဏိကြမ်းခင်း အမျိုးအစား တံတား ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးဖွင့်လှစ်ခဲ့သည့် မြန်မာ နိုင်ငံ မြောက်ပိုင်း အကျဆုံး တံတား ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ် မတ်လအတွင်း၌ မလိခတံတား (မချမ်းဘော့)ကို ကချင်ပြည်နယ်အတွင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပါ ကြောင်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေး နှစ်အတွင်း ကချင်ပြည်နယ်တွင် ရပ်ဘော့တံတား(နောင်မွန်း) အပါအဝင် ပေ(၁၈၀)နှင့်အထက် တံတား(၅)စင်း တည်ဆောက်လျက်ရှိပြီး အဆိုပါတံတားများ သည် မကြာမီ တည်ဆောက်ပြီးစီး တော့မည်ဖြစ်ပါကြောင်း။
     ရပ်ဘော့တံတား(နောင်မွန်း) ဖွင့်လှစ်ပေးနိုင်ခဲ့၍ ဒေသခံတိုင်းရင်းသားပြည်သူများ ဆက်သွယ်သွားလာရေး အဆင်ပြေချောမွေ့ပြီး ဒေသတွင်း တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားရေး အခြေအနေများ၊ ကုန်စည်ပို့ဆောင်မှုများ မြန်ဆန်တိုးတက် ကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ သဘာဝအလှအပများနှင့် ပြည့်နှက်နေသည့် ခါကာဘိုရာဇီ ဒေသသို့ပါ သွားလာလည်ပတ်နိုင်မည်ဖြစ်၍ ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနက စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီစွာ တည်ဆောက်ခဲ့ သည့် ရပ်ဘော့တံတား(နောင်မွန်း)ကို ကချင်ပြည်နယ် ပူတာအိုခရိုင်မှ ဒေသခံတိုင်းရင်းသား ညီအစ်ကိုများထံ အပ်နှံလိုက်ပါကြောင်း၊ တံတားကြီး အဓွန့်ရှည် စွာနှင့်ရေရှည်အသုံးပြုနိုင်အောင် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း စောင့် ရှောက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြော ကြားသည်။
     ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပူတာအိုခရိုင် အတွင်းရှိ ပူတာအို - မချမ်းဘော့ - နောင်မွန်းလမ်းသည် ၇၃ မိုင် ၅ ဖာလုံ ကွာဝေးပြီး ယခင်အချိန်များက မချမ်းဘော့ မှ နောင်မွန်းသို့ မော်တော်ယာဉ်ဖြင့် ၁၂ နာရီခန့် ကြာသည်အထိ သွားလာခဲ့ရပါကြောင်း၊ မချမ်းဘော့နှင့် နောင်မွန်းအကြားတွင် ထီခချောင်း၊ ထာခချောင်း၊ ဘဘော့ချောင်း၊ ရပ်ဘော့ ချောင်းများ ရှိပြီး ခံနိုင်ဝန် တစ်တန်သာရှိသည့် ကြိုးတံတားများ တည်ဆောက်ထားပြီး ဆိုင်ကယ်နှင့် လူများသာ ဖြတ်သန်းသွားလာနိုင်ပါကြောင်း၊ ဘဘော့တံတားမှာ ယခုဘဏ္ဍာနှစ်တွင် ပြီးစီးမည်ဖြစ် ပြီး အဆိုပါ ကြိုးတံတား ၄ စင်းအနက် ရပ်ဘော့တံတားနေရာမှာ ချောင်းအကျယ်ဆုံးနှင့် ရေအနက်ဆုံးဖြစ်ကာ မိုးရာသီရေကြီးချိန်တွင် ဖြတ်သန်းသွားလာရန် ခက်ခဲပြီး ရေနည်းချိန်တွင် စားသောက်ကုန်ပစ္စည်းများကို ကားငယ်များဖြင့် ချောင်းကိုဖြတ်၍ ခက်ခဲစွာသယ်ယူပို့ဆောင်ခဲ့ရ ပါကြောင်း။
     ယခုအခါ မချမ်းဘော့ - နောင်မွန်း လမ်းပိုင်းအား လမ်းဦးစီးဌာနမှ လမ်းချဲ့ခြင်း၊ အမာခံလမ်း ခင်းခြင်း၊ ကျောက်လမ်းခင်းခြင်း၊ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မချမ်း ဘော့မှ နောင်မွန်းသို့ မော်တော်ယာဉ်ဖြင့် ၄ နာရီခန့်သာ ကြာမြင့်ပြီး လမ်းပန်းဆက်သွယ်ရေး ပိုမိုမြန်ဆန်လာပြီဖြစ်သည့်အတွက် ပူတာအိုမှ နောင်မွန်းသို့ နေ့ချင်းပြန်သွားလာ၍ ရသည်အထိ လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာပြီ ဖြစ်ပါကြောင်း။
     ဆက်လက်၍ ထီခ တံတားနှင့် ထာခ တံတားများကိုလည်း ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ရာ တံတား များ တည်ဆောက်ပြီးပါက ပူတာအိုမှ နောင်မွန်းသို့ ရာသီမရွေး ယာဉ်ကြီး၊ ယာဉ်ငယ်များ သွားလာ နိုင်တော့မည် ဖြစ်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့လာသည့်အပြင် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာပြီး ဒေသထွက်ကုန်များ ရာသီမရွေး ပို့ဆောင်နိုင်ပြီဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ဘက်စုံတိုးတက် ကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ တနည်းအားဖြင့် တစ်ဦးချင်း ဝင်ငွေတိုးတက်လာပြီး လူနေမှု ဘ၀ အဆင့်အတန်း ပိုမိုမြင့်မားလာသည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ ရရှိခံစားကြရ တော့မည်ဖြစ်ပါကြောင်း ပြောကြားသည်။
     ယင်းနောက် ရပ်ဘော့တံတား(နောင်မွန်း) တည်ဆောက်ပေးသည့်အတွက် ဒေသခံပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
     ထို့နောက် ရပ်ဘော့တံတား(နောင်မွန်း)ကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးခန်းလင်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးရမ်နမ်းဖုန်၊ လီဆူတိုင်းရင်းသား ဦးမိုးရွှေနှင့် တံတားအထူးအဖွဲ့(၁) ဒုတိယညွှန်ကြားရေး မှူး ဦးကျော်ဇင်ထွေး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ရပ်ဘော့တံတား(နောင်မွန်း) ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်ကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့်ဇနီးတို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။
     ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး နှင့်အဖွဲ့ဝင်များက မော်ကွန်း ကျောက်စာတိုင်ကို အမွှေးနံ့သာရည်ပတ်ဖျန်းပေးကြသည်။
     ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဒေသခံတိုင်းရင်းသားများနှင့်အတူ တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုကြသည်။
     မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့သို့ ရောက်ရှိ ကြပြီး မြို့နယ်ခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံသည်။
     တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ခေါင်လန်ဖူးမြို့သို့ ယခင်က ဆိုင်ကယ် အပါ အဝင် အခြားနည်းလမ်းဖြင့် သွားပါက ၁၂ ရက်ကြာ သွားရောက်ရ သည်ဟု သိရပြီး ယခုအခါတွင် နေ့ချင်းသွားနိုင်သည်အထိ ခရီးပေါက်ပြီဟု သိရပါ ကြောင်း၊ နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည်လည်း လိုအပ်ပါ ကြောင်း၊ ဒေသ၏ အဓိကလိုအပ်ချက် တစ်ခုဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့တို့က ပူးပေါင်းဖောက်လုပ်ပေးလျက်ရှိပါကြောင်း။
     မိမိတို့ မြန်မာနိုင်ငံတွင် သာယာလှပသည့် နေရာများစွာ ရှိပါကြောင်း၊ ယင်းတို့အနက် ယခု မြောက်ပိုင်းဒေသသည် လာရောက်လည်ပတ်ရန် အခက်အခဲများ ရှိပါကြောင်း၊ သို့သော်လည်း ဒေသအပေါ် ခုံခုံမင်မင် ချစ်မြတ်နိုး၍ သစ္စာရှိစွာ နေထိုင်ကြပြီး မိမိတို့၏ အမျိုးဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်နေကြသည့် ဒေသခံ တိုင်းရင်းသားများအား ချီးကျူးပါကြောင်း၊ မိမိတို့ ဒေသအား ချစ်ခင်မြတ်နိုးစွာ ဆက်လက်နေထိုင်ကြပြီး မိမိတို့နိုင်ငံ၏ အင်အားတစ်ခု ဖြစ်လာမည်ဟု မျှော်လင့် ဆုတောင်းပါကြောင်း၊ နောက်ပိုင်းတွင် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် အပါအဝင် လိုအပ်သည် များကို ဆက်လက် ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
     ယင်းနောက် ခေါင်လန်ဖူးမြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသ၏ အချက်အလက် များနှင့် ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ခေါင်လန်းဖူးဒေသ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။

     ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်က ခေါင်လန်ဖူးမြို့နယ် အထက်တန်းကျောင်းတွင် အသုံးပြုနိုင်ရန် ကွန်ပျူတာ တစ်စုံအား ပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူ သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး နှင့်အဖွဲ့ဝင်များသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
     ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့်ဇနီး နှင့်အဖွဲ့ဝင်များသည် နောင်မွန်းမြို့သို့ ရောက်ရှိကြ ပြီး နောင်မွန်းမြို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကာ ဒေသခံယဉ်ကျေးမှုအဖွဲ့၏ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေး ကြသည်။
     ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် နောင်မွန်းမြို့မှ ပြန်လည် ထွက်ခွာကြပြီး ပူတာအိုမြို့သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိသည်။
(သတင်းစဉ်)

 

Post Paragraph