နေပြည်တော် ဇူလိုင် ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် JICA (ဂျပန်) ရုံးချုပ်မှ Advisory Mission Leader ဖြစ်သူ Mr. Minoru YOSHIDA နှင့် JICA (မြန်မာ) ရုံးမှ Coordinator ဖြစ်သူ ဦးတင်မောင်ကြီးတို့အား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။
တွေ့ဆုံစဉ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် JICA တို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းမှ ဆောင်ရွက်လျက်ရှိသည့် အစားထိုးဖွံ့ဖြိုးတိုးတက်ရေး သင်တန်း (Alternative Development Training) ကိစ္စရပ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၊ JICA နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် စီမံကိန်းကိစ္စရပ်များတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။