ချင်းပြည်နယ်ဖလမ်းမြို့အတွင်း အကြမ်းဖက်ဖြစ်စဥ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ ပထမအဆင့် ပြုပြင်ခြင်းလုပ်ငန်း ၁၇ ရာခိုင်နှုန်းပြီးစီး

ဖလမ်း ဩဂုတ် ၂၁  ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးသည် ချင်းပြည်နယ်အစိုးရအဖွဲ့၊  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များ၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်အတူ သြဂုတ်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် ဖလမ်းမြို့တွင်းလုပ်ငန်းပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဩဂုတ်လ ၂၀ ရက်တွင် ဖလမ်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ အဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပါသည်။ 
ဩဂုတ်လ ၂၁ ရက်နေ့တွင် ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး 6kv Watt ဆိုလာလျှပ်စစ်မီး တပ်ဆင်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် လမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိရုံးနှင့် မြန်မာ့စီးပွားရေးဘဏ် ပြန်လည်ပြုပြင်နေမှုများကိုလည်းကောင်း၊ ခရိုင်ပညာရေးမှူးရုံးဝန်ထမ်းအိမ်ရာ ပြုပြင်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 
ချင်းပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဥ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့ရှိ ခရိုင်နှင့်  မြို့နယ်အဆင့် ဌာနဆိုင်ရာရုံး အဆောက်အအုံများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ပထမအဆင့်ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာတွင် ဖလမ်းမြို့နယ်အတွင်း တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာ အဆောက်အအုံ ၂၀၈ လုံး ပြင်ဆင်လျက်ရှိရာ ၁၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။
အလားတူ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ တီးတိန်မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး နေအိမ်ပြင်ဆင်ခြင်းလုပ်ငန်း၊ မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း KG ကျောင်းဆောင် ပြင်ဆင်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ယခုအခါ တီးတိန်မြို့နယ်အတွင်း တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် ဌာနဆိုင်ရာ အဆောက်အအုံများ ပထမအဆင့် ပြန်လည်ပြင်ဆင်မှုအနေဖြင့် ဌာန ၉ ဌာနမှ အဆောက်အဦ ၂၇ လုံး ပြင်ဆင်လျက်ရှိရာ ၄၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။
 ဆက်လက်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် စံပြမိခင်ပြိုင်ပွဲနှင့် အသက် ၂ နှစ် အောက် စံပြကလေးပြိုင်ပွဲကျင်းပနေမှု အခြေအနေများအား ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်စာများနှင့် ကလေးများအတွက် အရုပ်နှင့် ကစားစရာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ထို့အတူ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးသည် ကော်မတီအဖွဲ့ဝင်များနှင့်အတူ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ဌာနဆိုင်ရာ အဆောက်အအုံများ ပြုပြင်ခြင်း လုပ်ငန်းများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဆောက်အအုံ ပြုပြင်ခြင်း၊ လျှပ်စစ် ၄ ခန်းတွဲဝန်ထမ်းအိမ်ရာ ပြုပြင်ခြင်း၊ မြို့နယ်လျှပ်စစ်ရုံး ပြုပြင်ခြင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ထပ်ဆင့်လွှင့်စက်ရုံ ၂ ခန်းတွဲ ဝန်ထမ်းအိမ်ရာ ပြုပြင်ခြင်း၊ Cyclone Shelter ပြုပြင်ခြင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာ အဆောက်အအုံ ၄၂ လုံး ပထမအဆင့်ပြုပြင်ခြင်းအတွက် လုပ်ငန်းအားလုံး၏ ၁၆ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload