ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မော်လမြိုင် ၊စက်တင်ဘာ ၁၆ 
နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးက ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ရာ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်နိုင်ရေးရေးရုံး၊ ညွှန်ကြားရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ်  ဒုတိယဝန်ကြီးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ ဆောင်ရွက်ပြီးစီးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဒေသခံပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်နိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
ထိုနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကော့ကလောက်-ကော့နိုင် ခလုံး ကျေးရွာချင်းဆက်လမ်း ၃၈၄၀ ပေ ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လမ်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှု၊ လမ်းရေရှည်တည်တံ့စေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လမ်းရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၁၆ ရက်နေ့ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် နံနက်ပိုင်းတွင် ကျိုက်မရောမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ‌ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရုံးဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယင်းနောက် မုဒုံမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိ၍ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံနှင့် သင်တန်းကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ အသီးသီးရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့‌နောက် ဝန်ထမ်းများ၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားကြား၍ ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၂)တွင် သင်တန်းသူများ လက်တွေ့သင်ကြားလေ့ကျင့်နေမှုများ၊ အိပ်ဆောင်များ၊ စားရိပ်သာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာအတွင်း ၄ လက်မ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်‌ဆေးခဲ့ပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

Post Paragraph