နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်း အမှတ်စဉ်(၂၀)သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားတက်ရောက်

အောက်တိုဘာလ  ၃၀ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ သင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးကိုလေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦး၊ စစ်ကိုင်းတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အလုပ်တာဝန် ပေးအပ်မည့် ဝန်ကြီးဌာန ၁၃ ခုမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား မဟာဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များချမှတ်၍ ထိရောက်အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ တိုင်းရင်းသားလူမျိုးများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ ပိုမိုရရှိလာပြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ‌တော်အတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပြီး အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းကောင်းအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) တို့ကို တည်ထောင်ဖွင့်လှစ်ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)ကို စတင် ဖွင့်လှစ်သည့်အချိန်မှ ယနေ့အချိန်ထိ ဝိဇ္ဇာဘွဲ့ ၇၆၅ ဦး၊ သိပ္ပံဘွဲ့ ၁၃၂၉ ဦး၊ နည်းပညာ B.Tech ဘွဲ့ ၁၃၉ ဦး၊ အင်ဂျင်နီယာဒီပလိုမာ ၁၀၂၇ ဦး၊ စုစုပေါင်း ၃၂၆၀ ဦးတို့ကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အားပေးထောက်ပံ့ လေ့ကျင့်သင်ကြားပေးမှု၊ ကျောင်းသား၊ ကျောင်းသူများ၏ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်လေ့လာမှုများကြောင့် ယခုအခါ မဟာဝိဇ္ဇာဘွဲ့ ၁၀၇ ဦး၊ မဟာသိပ္ပံဘွဲ့ ၂၂၄ ဦး၊ မဟာသုတေသနဘွဲ့ ၆၆ ဦး၊ Ph.D ဘွဲ့ ၃၅ ဦး၊ B.Eဘွဲ့ ၅၃၉ ဦး၊ M.Eဘွဲ့ ၄၈ ဦး၊ B.Tech ဘွဲ့ ၂၀၇ ဦး ရရှိပြီး ဆက်လက်လေ့လာသင်ယူဆဲ ကျောင်းသား၊ ကျောင်းသူများလည်း ရှိနေကြောင်း သိရှိရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတုယူကြိုးစား အားထုတ်သွားရန် မှာကြားလိုကြောင်း။
၂၀၂၆ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၈) ကျောင်းသား၊‌ ကျောင်းသူများက ဩဝါဒခံယူပွဲ အခမ်းအနား၌ နိုင်ငံတော်သမ္မတက “ မောင်တို့ မယ်တို့သည် မကြာမီ နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာကြတော့မည် ဖြစ်သဖြင့် သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်းခွင်ကျင့်ဝတ်များကို သိရှိနားလည်ပြီး လိုက်နာကြရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်း တစ်ဦး၌ရှိရမည့် ကျွမ်းကျင်မှု၊ တာဝန်ကျေပွန်မှု၊ ရိုးသားဖြောင့်မတ်မှုနှင့် အများပြည်သူအပေါ် စေတနာထားမှုတို့ရှိရမည်ဖြစ်ပြီး “ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမယ် ” ဟူသည့် ခံယူချက်နှင့်အညီ မိမိတို့၏ တာဝန်များကို စေတနာ၊ ဝါသနာနှင့် အနစ်နာခံမှုတို့ပေါင်းစပ်ပြီး ထမ်းဆောင်ကြရန်” အလေးအနက် လမ်းညွှန်မှာကြားခဲ့သည့်အတွက်  သင်တန်းဆင်း မောင်တို့မယ်တို့အနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များကို မိမိတို့၏ ဘဝအတွက် အရေးပါသည့် လုပ်ငန်းလမ်းညွှန်ချက်များအဖြစ် ခံယူပြီး အလေးအနက် လိုက်နာဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။ 
သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့တတ်မြောက်ထားရှိသည့် အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူး၍ ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်အောင် ကြိုးစားအားထုတ်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျရာဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသခံတိုင်းရင်းသားများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်နှင့်မူလလုပ်ငန်း တာဝန်များအပြင်  ဒေသခံတိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ရိုးရာ၊ ဓလေ့ထုံးစံ အမွေအနှစ်များကို လေးစားလိုက်နာကာ ချစ်မြတ်နိုးစွာဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရမည် ဖြစ်ကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် မူးယစ်ဆေးဝါးပပျောက်စေရေးလုပ်ငန်းများတွင်  ဒေသခံတိုင်ရင်းသားပြည်သူများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ် ပန်ဆင်လျက် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ကို အစဉ်ထာဝရ အမြဲနှလုံးသွင်းကာ မိမိတို့တာဝန်ကျရာ နယ်မြေဒေသများကို ဦးဆောင်လမ်းပြနိုင်မည့် ခေါင်းဆောင်ကောင်းများဖြစ်လာအောင် ကြိုးစားကျင့်ကြံ၍ နိုင်ငံတော်က အားကိုးအားထားပြုရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ် ထူးချွန်ဆုရရှိသူ ကျောင်းသား ၁ ဦးနှင့် သိပ္ပံဘာသာရပ် ထူးချွန်ဆုရရှိသူ ‌ကျောင်းသား ၁ ဦးတို့အားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က A.G.T.I ဒီပလိုမာထူးချွန်ဆုရ ကျောင်းသူ ၁ ဦးအား လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ပြီး ဝန်ကြီးဌာန ၁၃ ခုမှ ကိုယ်စားလှယ်များက ကျောင်းသား၊ ကျောင်းသူ ၂၄၆ ဦး တို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံဂုဏ်ပြုအားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး  သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ဒီဂရီကောလိပ်အစည်းအဝေးခန်းမ၌ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဌာနမှူးများနှင့်တွေ့ဆုံ၍ ဒုတိယကျောင်းအုပ်ကြီးက ဒီဂရီကောလိပ်ဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ကာ စားရိပ်သာ၌ ကျောင်းသူများနှင့် နေ့လယ်စာအား အတူတကွ သုံးဆောင်ခဲ့ပါသည်။
မွန်းလွှဲပိုင်းတွင်  ဒီဂရီကောလိပ်အတွင်းရှိ သက်သာချောင်ချိရေးအရောင်းဆိုင်၊  ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နှစ်ထပ်ကျောင်းသူအိပ်ဆောင် ဆောက်လုပ်နေမှု၊ မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုနှင့် စာကြည့်တိုက်တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်းခင်းဧည့်ခံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph
video-upload