နေပြည်တော်၊ ဖေဖော်ဝါရီ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI သည် ယနေ့ မွန်းလွဲ (၁) နာရီခွဲ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျကျန် ခဲ့သည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် နယ်စပ်ဒေသရှိ တိုင်းရင်း သားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသော ပြည်ထောင်စုစနစ် တည်ဆောက်နေမှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း၊ JICA၊ BAJ၊ စေတနာ၊ TPA အဖွဲ့တို့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ၊ ရေ၊ မီးစသည့် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ပါဝင်လာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည် နယ်၏ ပကတိအခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိနိုင်စေရေးအတွက် သတင်းမီဒီယာများအား လွတ်လပ်စွာသတင်းရယူနိုင်ရေး ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ နှစ်ဖက်လူ့အဖွဲ့အစည်းအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံနယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဂျပန်နိုင်ငံအစိုးရအနေဖြင့် ကူညီဆောင်ရွက်နိုင်ရေးနှင့် ရှေ့ဆက်လက် ပိုမိုပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။