ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး လာရောက်တွေ့ဆုံ

နေပြည်တော်၊  ဖေဖော်ဝါရီ ၈
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David Bartholonew Kaatrud သည် ယနေ့ နံနက် (၁၁) နာရီခွဲ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျ ကျန်ခဲ့သည့် နယ်စပ်ဒေသများအား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ၂၀၀၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် WFP တို့ ပူးပေါင်း၍ နယ်စပ်ဒေသများတွင် စားနပ်ရိက္ခာ ဖူလုံရေးအတွက် အောင်မြင်စွာဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေ အနေများ၊ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသော ပြည်ထောင်စုစနစ် တည်ဆောက်နေမှုဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နေရပ် စွန့်ခွာသူများအတွက် စားနပ်ရိက္ခာထောက်ပံ့ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် နိုင်ငံဆိုင်ရာမဟာဗျူဟာ အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာသူများအတွက် စားနပ်ရိက္ခာထောက်ပံ့ရေး အခြေအနေများ၊ ထိုင်းနိုင်ငံဘက်တွင် ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပါက စားနပ်ရိက္ခာ ထောက်ပံ့ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်  ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။