နယ်စပ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မေလ ၂၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည်  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမင်းဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၂၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအုပ်၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ကြားပေးနေသော စာပေပညာများကို အပတ်တကုတ် လေ့လာသင်ယူသွားကြရန်၊ အတတ်ပညာများအပြင် ပြင်ပဗဟုသုတများကို လေ့လာသင်ယူ၍ အမှန်နှင့်အမှားကွဲပြားစွာ ဝေဖန်ပိုင်းခြားနိုင်သော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကျင့်ကြံနေထိုင်သွားကြရန်၊ နိုင်ငံတော်မှ အခမဲ့ပညာသင်ကြားရေးနှင့် နေထိုင်စားသောက်ရေးတို့ကို အလေးထားဆောင်ရွက်ပေးထားသည့်အပေါ် ကျေးဇူးသစ္စာစောင့်သိ နေထိုင်သွားကြရန်၊ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံ၏ အနာဂတ်အတွက် အဓိကကျသည့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတို့ကို အခြေခံမှစ၍ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသအပါအဝင် တစ်ချို့နေရာဒေသများတွင် အကြောင်းအမျိုးမျိုးကြောင့် လူငယ်များအနေဖြင့် ပညာသင်ကြားခွင့်များ ဆုံးရှုံးခဲ့ရသည့်အတွက် ယခုအခါ ပညာရေးကဏ္ဍကို နေရာဒေသကွာခြားမှုမရှိ တစ်ပြေးညီ မြှင့်တင်နိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ  ကျန်းမာကြံ့ခိုင်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်လုပ်ဆောင်သွားကြရမည် ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများနှင့် နည်းပြများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များအပြင် အတွေးအခေါ်အသိအမြင်နှင့် အယူအဆကောင်းများ၊ ဗလငါးတန်နှင့် ပြည့်စုံ၍ နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် နိုင်ငံဝန်ထမ်းကောင်းများ၊ ခေါင်းဆောင်ကောင်းများဖြစ်အောင် ရည်မှန်းချက်များနှင့်အညီ လေ့ကျင့် သင်ကြားပျိုးထောင်သွားကြရန် မှာကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်များ၊ စာကြည့်တိုက်၊ စားရိပ်သာနှင့် စားဖို‌ဆောင်၊ ရိက္ခာစတိုဆောင်တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ စားရိပ်သာ၌ ကျောင်းသား၊ကျောင်းသူများနှင့်အတူ နေ့လည်စာအား အတူတကွ သုံးဆောင်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘိုကလေးမြို့နယ်ရှိ နယ်စပ်‌ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းအုပ်၊ ဝန်ထမ်း များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံမှာကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေလ ၂၃ ရက်နေ့တွင် ပုသိမ်မြို့ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် သင်တန်းကျောင်းမှ ဝန်ထမ်းများ ၊ နည်းပြများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနက နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ  အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်များကို အခမဲ့ လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် သင်ကြားပေးသည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်အောင်  ကြိုးစားအားထုတ် လေ့ကျင့်သင်ကြားသွားကြရန်၊ တက်မြောက်ထားသည့် ဘာသာရပ်များကို စဉ်ဆက်မပြတ် အသုံးချ၍ ကိုယ်ပိုင်စီးပွား‌ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သင်တန်းသူများ၏ ချုပ်လုပ်ထားရှိသည့် လက်ရာများနှင့် သင်ထောက်ကူပစ္စည်းများ၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းများ လေ့ကျင့်သင်ကြားနေမှု၊ မော်တာဆောင်၊ စာကြည့်တိုက်၊ အိပ်ဆောင်၊ စားရိပ်သာနှင့် တိုင်းဦးစီးမှူးရုံးတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လပွတ္တာမြို့ရှိ  အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး သင်တန်းကျောင်းခန်းမ၌ စက်မှုလက်မှုနှင့် အိမ်တွင်းမှု သင်တန်းကျောင်းအုပ်များက သင်တန်းကျောင်းများဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် သင်တန်းကျောင်း ၂ ကျောင်းမှ ဝန်ထမ်းများ၊ သင်တန်း သား၊ သင်တန်းသူများအား တွေဆုံအမှာစကားပြောကြား၍ ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ထို့နောက် သင်တန်းသူများ၏ ချုပ်လုပ်ထားရှိသည့် လက်ရာများ၊ သင်တန်းသူများ၏ လက်တွေ့သင်ကြားနေမှု၊ ဂါလံ ၂ သိန်းဆံ့ ရေသိုလှောင်ကန်တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ စားရိပ်သာ၌ သင်တန်းသား၊ သင်တန်းသူ များနှင့်အတူ နေ့လည်စာအား အတူတကွ သုံးဆောင်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လပွတ္တာမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး သင်တန်းသားများ ၏ လက်ကိုင်ဖုန်းပြင်သင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေ သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းများတွင် ဘာသာရပ်အလိုက် လက်တွေ့သင်ကြားနေမှုနှင့် ဂါလံ ၃ သိန်း  ၁ သောင်းဆံ့ ရေစုကန်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph
video-upload