နယ်စပ်ရေးရာဝန်ကြီးဌာန၊ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ အသိပညာပေး ရက်တိုသင်တန်းဖွင့်လှစ်

နေပြည်တော် စက်တင်ဘာလ ၆ ရက်    
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလက်အောက်ရှိ ပြည်နယ်/တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်းများမှ အရာထမ်း/အမှုထမ်းများအား  လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များအား လုပ်ငန်းအဆင့်အလိုက် ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ အသိပညာပေး ရက်တိုသင်တန်း ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၁၀) နာရီ အချိန်တွင် ၀န်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    ရှေးဦးစွာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက မိမိတို့ဦးစီးဌာနများမှ ဆောင်ရွက်လျက်ရှိသော နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ အဆောက်အဦ စသည့်လုပ်ငန်းများ အရည်အသွေး ပြည့်မှီအောင် ကြီးကြပ်ဆောင်ရွက်နိုင်ရန် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မှီအောင် ဆောင်ရွက်နိုင်ပါက ဦးစီးဌာနများ၏ဂုဏ်ကို မြှင့်တင်နိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်ကိုယ်စား လုပ်ငန်းများအား လုပ်ငန်းအဆင့်အလိုက် ကြီးကြပ်နိုင်ရန်နှင့် လုပ်ငန်း မှတ်တမ်းများအား စနစ်တကျ ပြုစုနိုင်ရန်အတွက် အင်ဂျင်နီယာဘာသာရပ်များကို ဂရုတစိုက် ကြိုးစားသင်ကြားသွားကြရန်နှင့် မိမိတို့ သင်ကြားတတ်မြောက်ခဲ့သည့် ပညာရပ်များကို လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကျိုးရှိစွာ အသုံးချသွားကြရန် မှာကြားခဲ့ပါသည်။
    အဆိုပါ သင်တန်းအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်/တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ ပြည်နယ်/တိုင်းဒေသကြီးရှိ သင်တန်းကျောင်းများမှ အရာထမ်း/အမှုထမ်း သင်တန်းသား (၃၄) ဦးအား ဝန်ကြီးဌာနရှိ အတွေ့အကြုံရှိပြီး လုပ်ငန်းကျွမ်းကျင်သည့် အင်ဂျင်နီယာများမှ ရက်သတ္တ (၂) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

Post Paragraph