နေပြည်တော်၊ စက်တင်ဘာလ (၂၉) ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား ထိုင်းနိုင်ငံ တရားရေး ဝန်ကြီး၏ အကြံပေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့ရုံး (ONCB) အကြံပေး Mr . Permpong Chaovalit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လည် (၂) နာရီအချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်မှုဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသရှိပြည်သူများအတွက် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်ကို ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စီမံကိန်းရန်ပုံငွေ ဘတ်သန်း (၃၅၀) ဖြင့် ထိုင်းနိုင်ငံ မယ်ဖာ့လုံဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ တာချီလိတ်နှင့် မိုင်းဆတ်ဒေသများတွင် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်ရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစားထိုး အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်း၍ နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်နှင့် ဘိန်းစိုက်ပျိုးမှု စွန့်လွှတ်တောင်သူများအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။