
နေပြည်တော်၊ ဇူလိုင်လ ၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၀၈၀၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) ဗိုလ်ရွေး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က နှစ်ရှည်အရိပ်ရပင်ဖြစ်သည့် ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာ တန်းဝင် ကျွန်း ၂၄၃ ပင်၊ ခရေ ၃၀ ပင်နှင့် ကံ့ကော် ၇ ပင်၊ စုစုပေါင်း ၂၈၀ ပင်ကို စိုက်ပျိုးခဲ့ကြပါ သည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အထက (ခွဲ) ဗိုလ်ရွေးကျောင်းသို့ ထောက်ပံ့ သည့် မိတ္တူကူးစက် ၁ လုံးအား ပြည်ထောင်စုဝန်ကြီးက အဆိုပါကျောင်းမှ တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းမအနီးရှိ ငလိုက်ဆည်အတွင်းသို့ ငါးမြစ်ချင်း၊ ယိုးဒယားငါးခုံးမ သားပေါက်ကောင်ရေ ၅၀၀၀၀ အား ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သတင်းရရှိသည်။
