နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ၂/၂၀၁၇ ကျင်းပ

နေပြည်တော်၊ သြဂုတ် ၂၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၏နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ၂/၂၀၁၇ ကို ယနေ့နံနက် (၀၈၀၀) နာရီချိန်တွင် ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ ဉက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် တက်ရောက် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ် နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း) တို့မှကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးများမှ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ တက်ရောက်ကြသည်။
    နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဉက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် က အမှာစကား ပြောကြားရာ၌ နယ်စပ်ဒေသများတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပြည်ထောင်စုနှင့် ပြည်နယ်ခွင့်ပြု ရန်ပုံငွေလုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ အားသာချက်များအပေါ် ပြန်လည်သုံးသပ်ဆောင်ရွက်ကြရေး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေ တင်ပြတောင်းခံခြင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် မူလရန်ပုံငွေ တင်ပြတောင်းခံခြင်းတို့အတွက် ချမှတ်ထားသော မူဝါဒ၊ ရည်ရွယ်ချက်များ နှင့်အညီ  ဒေသနှင့်ပြည်သူလူထုအတွက် အကျိုးရှိပြီး၊ မြေပြင်၌ လက်တွေ့ ဆောင်ရွက်နိုင်သည့် လုပ်ငန်းများဖြစ်စေရန် ဝိုင်းဝန်းသုံးသပ် ဆွေးနွေးကြရေး၊ ခွင့်ပြုဘဏ္ဍာငွေ နှင့်အညီ လုပ်ငန်းများ၏ အရည်အသွေး၊ စံချိန်စံညွှန်း ကောင်းမွန်စေရန် ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ပေးရေးကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးမှာ ကြားခဲ့ပါသည်။
    ဆက်လက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးများ က မိမိတို့ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်း များ၊ လိုအပ်ချက်များနှင့် တွေ့ကြုံရသော အခက်အခဲများကို သုံးသပ်ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးတို့က ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က         ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်မည့်နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။