နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၇၀)၊ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၁၀၃) နှင့် စက်ကြီးပန်းထိုးသင်တန်း အမှတ်စဉ်(၅) သင်တန်းများ ဖွင့်လှစ်

နေပြည်တော် အောက်တိုဘာလ ၈ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ ဖြစ်သော စီမံခန့်ခွဲရေးသင်တန်းအမှတ် စဉ် (၇၀)၊ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၁၀၃) နှင့် စက်ကြီးပန်းထိုးသင်တန်း အမှတ်စဉ်(၅) သင်တန်းများ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်တွင်အဆိုပါသင်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန့် တက်ရောက် အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

          အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း အင်အား (၂၀၅) ဦး တက်ရောက်ခဲ့သည်။

          လက်ရှိဖွင့်လှစ်သည့် သင်တန်းများကို အရည်အသွေးထက်မြတ်ပြီး အတွေးအခေါ် မှန်ကန်မြင့်မားစေရန်၊ မိမိရာထူးအဆင့်နှင့် အညီ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်၊ ချမှတ်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို တတ်သိနားလည်ပြီး လုပ်ငန်းခွင်စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် စိတ်ဓါတ်၊ စည်းကမ်းကောင်းမွန်မှု ခံယူချက်၊ ယုံကြည်ချက်မှန်ကန်မှု၊ စိတ်ရင်းစေတနာ မှန်ကန်မှုတို့ကို အခြေခံပြီး အကြီးအကဲများ၏ မူဝါဒ၊ လမ်းညွှန်ချက်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်သော ပြည်သူအကျိုးပြု ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ် လေ့ကျင့် သင်ကြားပေးနေခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။