နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်းအမှတ်စဉ်(၁၉) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်၍ အလုပ်အကိုင်တစ်ပါတည်းပေးအပ်

ရန်ကုန်၊ ဇန်နဝါရီ  ၁၉  
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနက ဖွင့်လှစ်သော ခေတ်မီ မော်တာအထည်ချုပ်စက်သင်တန်းအမှတ်စဉ်(၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
    သင်တန်းဆင်းပွဲအခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက တိုင်းရင်းသူအမျိုးသမီးငယ်များကိုအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (၄၃)ကျောင်းတွင် အိမ်တွင်းမှုပညာရပ်များ လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ အဆိုပါ သင်တန်း ကျောင်းများမှ သင်တန်းအောင်မြင်ပြီးသည့် သင်တန်းသူ (၇၈၁၀၀)ဦးအနက် (၂၁၄၅)ဦးကို ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်းများသင်ကြားပေးခဲ့ပြီးအထည်ချုပ်စက်ရုံ (၂၄) ရုံ၌ (၂၀၉၈)ဦး ဝင်ရောက် အလုပ် လုပ်ကိုင်လျက်ရှိကြောင်း၊ ယခုသင်တန်းတွင် တိုင်းရင်းသူ (၁၀၀) ဦးအား ၂-၁-၂၀၁၈ မှ ၁၉-၁-၂၀၁၈ထိ အခမဲ့ လေ့ကျင့်သင်ကြားပေးပြီးသင်တန်းဆင်းတိုင်းရင်းသူ (၉၅)ဦးကိုအထည်ချုပ်စက်ရုံ (၃)ရုံသို့ ခွဲဝေ၍ လုပ်ငန်းတာဝန်များပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
    ဆက်လက်၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးသိန်းဌေးဦးက ရန်ကုန်တိုင်းဒေသကြီးအလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသို့ သင်တန်းဆင်းတိုင်းရင်းသူများကို လွှဲပြောင်းအပ်နှံပေးခဲ့ပါသည်။ ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အလုပ်သမားအသိအမှတ်ပြု ကတ်ပြားများသင်တန်းဆင်းတိုင်းရင်းသူများထံပေးအပ်ပြီး၊ အထည်ချုပ်စက်ရုံများမှ သင်တန်းဆင်း တိုင်းရင်းသူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် အထည်ချုပ်လုပ်ငန်းရှင်များကိုယ်စား တာဝန်ရှိသူတစ်ဦးမှ အလုပ်သမားရပိုင်ခွင့်များကိုရှင်းလင်း ပြောကြားပြီးသင်တန်းဆင်းတိုင်းရင်းသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။

 

Post Paragraph