နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကချင်ပြည်နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၅
    ကချင်ပြည်နယ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေးရန် ပူတာအိုမြို့တွင် ရောက်ရှိ နေသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဇန်နဝါရီလ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး နေလင်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မဂွေဇ - ခေါင်လန်ဖူး လမ်းဖေါက်လုပ်ခြင်း လုပ်ငန်းများကို သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့သည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်ဖြင့် ခေါင်လန်ဖူးမြို့သို့ ရောက်ရှိကာ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု့ခဲ့ပြီး ပြည်သူလူထုနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လိုအပ်ချက်များကို ရင်းရင်းနှီးနှီးမေးမြန်းကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့်  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းတို့မှ ခေါင်လန်ဖူး ဒေသခံပြည်သူတို့အတွက် ဆန်(၂၅)အိတ်၊ ဆား(၄)အိတ်၊ ကျောင်းဝတ်စုံ(၇၅)စုံ၊ ဗလာစာအုပ် (၁၅၀)ဒါဇင်၊ ခဲတံ(၁၂)ဒါဇင်၊ ရေသန့်စက်(၁၄)စုံ၊ ရေပုံး(၁၀၀)ပုံးနှင့် စားသောက်ဖွယ်ရာများဖြစ်သည့် ကြက်ဥ(၅)ဖာ၊ ဘီစကစ်(၅)ဖာ၊ ရွှေဖီဦးအသင့်ဖျော် တပ်မတော် လက်ဖက်ရည်ထုပ်(၄)ဖာ၊ ခေါက်ဆွဲခြောက်(၅)ဖာ၊ ကြက်သွန်နီ (၇၀)ပိဿာ နှင့် ကြက်သွန်ဖြူ (၃၀)ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
    ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွါ၍ ရီဒမ်းကျေးရွာအနီး မေခမြစ်အား Fly Ferry ဖြင့် စက်ယန္တရားများ ဖြတ်ကူးရန် ရွေးချယ်ထားသည့် နေရာသို့ သွားရောက်ကြည့်ရှုညှိနှိုင်းခဲ့ကြသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွါခဲ့ပြီး ဆန်းလွတ်ချက်တောင်လမ်းလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိ၍ တာဝန်ရှိသူများက  ဆန်းလွတ်ချက် တောင်ထိပ်မှ မေခမြစ်သို့ လမ်းလုပ်ငန်းဆက်လက် ဆောင်ရွက်နေမှု အခြေအနေများ၊  ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းလျာထားချက်များ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်ချက်များကို ညှိနှိုင်းပေးခဲ့ပြီး ယခုဖောက်လုပ်နေသော လုပ်ငန်းသည် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ခက်ခဲဝေးလံပြီး ဖွံ့ဖြိုးရေးနောက်ကျကျန်ရစ်ခဲ့သော ခေါင်လန်ဖူးဒေသအား အမြန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖောက်လုပ်ပေးနေသော လမ်းဖြစ်၍  သတ်မှတ် ကာလအတွင်း အရည်အသွေး ပြည့်မီပြီး ရေရှည်တည်တံ့ စေရေးအတွက်      သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ   ဆောင်ရွက်ရေး၊   တောင်ပြိုအန္တရာယ်ရှိနိုင်သော နေရာများတွင် အဆင့်လိုက်   မြေဖြတ်ခြင်းလုပ်ငန်းများ၊   ကွန်ကရစ်တံတား၊    ကွန်ကရစ်ရေထုတ်ပြွန်၊ လမ်းဘေးကျောက်စီရေမြောင်းများ ထည့်သွင်း ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက် များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ပေးခဲ့သည်။
    ယခုခရီးစဉ်တွင် အတူလိုက်ပါခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်တို့မှလည်း လမ်းလုပ်ငန်းများကို ယခုထက်ပိုမို အလေးထား အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရန်အတွက် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့မှ ယန္တရားမောင်း၊ မိုင်းခွဲကျွမ်းကျင်စစ်သည် များကို ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရန် ထပ်မံအင်အား ဖြည့်တင်းပေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဆိုင်ရာကိစ္စရပ်များ မှာကြားခဲ့ပြီး လမ်းလုပ်ငန်း၌ ဆောင်ရွက်နေသည့် ဝန်ထမ်း/စစ်သည်များအား ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆန်းလွတ်ချက်-ခေါင်လန်ဖူးလမ်း မိုင်တိုင် (၃၅/၀)မိုင်တွင် လမ်းဖောက်လုပ်နေသည့် အခြေအနေများအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ၎င်းမှ တဆင့် ဆောင်ရွက်ပြီးစီးခဲ့သော ဆန်းလွတ်ချက်-မဂွေဇ လမ်းပိုင်းအား မော်တော်ယာဉ်ဖြင့် လိုက်လံ ကြည့်ရှု့စစ်ဆေးခဲ့သည်။
    ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန္နဝါရီလ(၁၅)ရက်နေ့နံနက်ပိုင်း တွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ပန်နန်းဒင်မြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ကာ ပန်နန်းဒင်မြို့ပြည်သူလူထုအတွက် ဆန်(၁၅)အိတ်၊ ဆား(၁)အိတ်၊ ကြက်ဥ(၇)ဖာ၊ ဘီစကစ်(၂)ဖာ၊ ခေါက်ဆွဲခြောက်(၄)ဖာ၊ ရွှေဖီဦး အသင့်ဖျော်တပ်မတော်လက်ဖက်ရည်ထုပ်(၄)ဖာ၊ ကြက်သွန်ဖြူ(၃၀) ပိဿာ၊ ကြက်သွန်နီ (၇၀)ပိဿာ၊ ကျောင်းစိမ်းဝတ်စုံ(၄၀)စုံ၊ ဗလာစာအုပ်(၁၅)ဒါဇင်၊ ခဲတံ(၁၂)ဒါဇင် တို့ကို ထောက်ပံ့ပေးခဲ့သည်။
    ထို့နောက် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်မှ စတင်၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော ခါကာဘိုရာဇီရေခဲတောင် အမျိုးသားသဘာဝဥယျာဉ်သွားလမ်းဖြစ်သည့် ပန်နန်းဒင်-ငါဝ-ဂဝိုင်-ဒုံးဆုံ-တဆူထု-တလာထု-ခရောင်ဒွမ်း-ဒဟွမ်ဒမ်း မြေသားလမ်းဖေါက်လုပ်ခြင်း လုပ်ငန်းအားကြည့်ရှု့စစ်ဆေးခဲ့ပြီး လမ်းလုပ်ငန်းများအား ပွင့်လင်းရာသီအတွင်း ပြီးစီးအောင် တွန်းအားပေးဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့်  ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများဖွံ့ဖြိုးရေးကို ဆောင်ရွက်လျက်ရှိရာတွင် မော်တော်ကားလမ်း ဆက်သွယ်မှုမရှိသေးသော ကချင်ပြည်နယ်၊ ပူတာအို ခရိုင်အတွင်း မဂွေဇ-ခေါင်လန်ဖူးလမ်း၊    အထက်ရှန်ခေါင်-ဝါဆာဒမ်း- နမ်ရိုထု-ဇီယာဒမ်း-ဖုန်ကန်ရာဇီ ရေခဲတောင်ခြေသွားလမ်း၊ ပန်နန်းဒင်-ငါဝ-ဂဝိုင်-ဒုံးဆုံ-တဆူထု-တလာထု-ခရောင်ဒွမ်း-ဒဟွမ်ဒမ်း လမ်းများကို တပ်မတော် စစ်အင်ဂျင်နီယာတပ်ဖွဲ့များဖြင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

Post Paragraph